တရုတ်နိုင်ငံသား တဦးအား မုံရွာဆေးရုံတွင် စစ်ဆေး၊ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်
DVB
·
February 1, 2020
မုံရွာမြို့ကို ဇန်နဝါရီ ၃၁ ရက်နေ့က တရုတ်နိုင်ငံသားတဦး ရောက်ရှိလာတဲ့အပေါ် ဒေသခံတွေ စိုးရိမ်နေကြတဲ့အတွက် မုံရွာ ပြည်သူဆေးရုံကြီးကို ခေါ်ဆောင်စစ်ဆေးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ မတွေ့ရှိရပေမယ့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်တယ်လို့ မုံရွာဆေးရုံအုပ်ကြီးက ပြောပါတယ်။
“ကျမတို့ စစ်ဆေးကြည့်တော့ ရောဂါလက္ခဏာ မတွေ့ရဘူး။ ကြည့်ရတာ လေယာဉ်ကွင်းကနေ စစ်ဆေးပြီးမှ ဖြတ်သန်းရောက်ရှိလာတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်တယ်။ သူတို့ကုမ္ပဏီက သီးသန့်အဆောက်အဦမှာ တဦးတည်း ထားရှိပေးဖို့ ပြောလိုက်တယ်။ ၁၄ ရက် အပြင်မထွက်ခိုင်းဘူးပေါ့” လို့ မုံရွာဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်မာမာအေးက ပြောပါတယ်။
အဲဒီတရုတ်နိုင်ငံသားဟာ တရုတ်နိုင်ငံ ကူမင်းမြို့ကနေ လိုက်ပါလာတဲ့ ဆီနိုဟိုက်ဒိုကုမ္ပဏီက Mr.Eunguo ဆိုသူ ဖြစ်ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကတဆင့် ဝင်ရောက်လာတာလို့ သိရပါတယ်။
ဆီနိုဟိုက်ဒိုကုမ္ပဏီဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဝမ်ပေါင်ကုမ္ပဏီရဲ့ လက်ခွဲကုမ္ပဏီတခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း အဆိုပါကုမ္ပဏီက တရုတ်နိုင်ငံသား ဝန်ထမ်း ၂၅ ဦး မိသားစုတွေနဲ့အတူ ရောက်ရှိလာတာကြောင့် စစ်ကိုင်းတိုင်းအစိုးရက သွားရောက်စစ်ဆေးခဲ့ရပြီး စောင့်ကြည့်လူနာတွေအဖြစ် သတ်မှတ်ထားပါတယ်။
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို အဖွဲ့ဝင် ၂၇ ဦးနဲ့ သမ္မတဦးဝင်းမြင့်က ဖွဲ့စည်းတာဝန်ပေးထားပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့မှာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အဆိုပါ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ စိုးရိမ်စရာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူဦးရေ စုစုပေါင်း ၂၅၉ ဦးနဲ့ ကူးစက်ခံရသူ ၁၁၇၉၁ ယောက် ရှိပြီလို့ သိရပါတယ်။
ရန်နိုင်စိုး