Homeမြန်မာသတင်း
ဧရာဝတီတိုင်းရှိ သမဝါယမ အသင်းသားများကို ကျပ် ၁ ဒသမ ၅ ဘီလံယံကျော် အလွဲသုံးစားမှုဖြင့် အမှုဖွင့်
ဧရာဝတီတိုင်းရှိ သမဝါယမ အသင်းသားများကို ကျပ် ၁ ဒသမ ၅ ဘီလံယံကျော် အလွဲသုံးစားမှုဖြင့် အမှုဖွင့်
DVB
·
January 31, 2020
ဧရာဝတီတိုင်းအတွင်း ၁၅ မြို့နယ်ရှိ သမဝါယမ အမှုဆောင်တွေနဲ့ အသင်းသားတွေကို ငွေကျပ် ၁ ဒသမ ၅ ဘီလံယံကျော် ငွေအလွဲသုံးစားပြုလုပ်မှုနဲ့ သက်ဆိုင်ရာ ရဲစခန်းနဲ့ တရားရုံးအသီးသီးမှာ အမှုဖွင့်အရေးယူထားတယ်လို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနက သိရပါတယ်။
ငွေချေးတာနဲ့ ပစ္စည်းရောင်းချတာတွေကို အသင်းသားတွေရဲ့ ဆန္ဒအရ လိုအပ်တဲ့ပစ္စည်း တွေကိုရောင်းချပေးခဲ့တာ၊ ချေးငွေယူပြီး ငွေကြေးပြန်ပေးသွင်းဖို့ ပျက်ကွက်ခဲ့တဲ့ အမှုဆောင်တွေနဲ့ အသင်းသားတွေကို ရဲစခန်းနဲ့ တရားရုံးမှာ အရေးယူထားတာ အမှုပေါင်း ၁၁၁ မှုထိရှိနောက်ပြီး နောက်ထပ်လည်း အမှုဆက်ဖွင့်သွားဖို့ရှိတယ်လို့ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနက တိုင်းဦးစီးမှူး ဦးဌေးမြင့်အောင်က ပြောပါတယ်။
"သူတို့အသင်းတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်ပါ။ မှန်မှန်ကန်ကန် ပေးသွင်းသွားမယ်ဆိုရင် အောင်မြင်သွားမှာပေါ့။ ဒီလိုစည်းကမ်းမလိုက်နာတဲ့ အသင်းနဲ့ အမှုဆောင် တွေကို အမှုဖွင့်အရေးယူရတာပါ၊ မလုပ်ရင်လည်း ကျန်တဲ့ အမှုဆောင်တွေ အသင်းသားတွေကပါ မပေးရင် နိုင်ငံတော်ငွေတွေ၊ အသင်းပိုင်ငွေတွေ ဆုံးရှုံးရမှာဖြစ်လို့ ဥပဒေကြောင်းအရ ဆောင်ရွက်ခဲ့တာပါ"
ဧရာဝတီတိုင်းအတွင်း သမဝါယမအသင်းတွေဟာ စုဆောင်းငွေ၊ အမြတ်ငွေတွေ ဆုံးရှုံးနစ်နာနေတာကို ဘယ်လို စိစစ်ဆောင်ရွက်သွားမယ်ဆိုတာကို သိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်း အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ မော်လမြိုင်ကျွန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းက မေးမြန်းခဲ့ပါတယ်။
အဆိုပါကြယ်ပွင့်ပြမေးခွန်းကို ဧရာဝတီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက "အခြေခံအသင်းများ မြို့နယ်အသင်းများ အပေါ်မှာလည်း တိုင်းဒေသကြီးသမဝါယမဦးစီးဌာနအနေနဲ့ ဆက်လက် ကြီးကြပ်ပြီး အလွဲသုံးစားလုပ်တာတွေ့လို့ရှိရင် ဥပဒေအရ ဆက်လက်အရေးယူသွားဖို့ အတွက် တိုင်းဒေသကြီး အစိုးရအနေနဲ့ တာဝန်ပေးဆောင်ရွက်သွားမှာဖြစ်ပါတယ် "လို့ ပြန်လည် ဖြေကြားခဲ့တာပါ။
သတင်း- မင်းထက်မုန်း (ပုသိမ်)