မိုးညှင်းမြို့တွင် နှာခေါင်းစည်းများဝယ်မရဘဲ ပြတ်လပ်နေ
DVB
·
January 30, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် အဆုပ်ရောင်ကူးစက်ရောဂါကို ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြတဲ့အတွက် နှာခေါင်းစည်းတွေ ရောင်းအားကောင်းနေပြီး ထက်ဝက်စျေးတက်ကာ ပစ္စည်းပြတ်လပ်နေတယ်လို့ သိရပါတယ်။
ရောင်နီဆေးဆိုင်ပိုင်ရှင်က "ကုမ္ပဏီကတော့ နှာခေါင်းစည်းတွေ ပြတ်သွားတယ်ပြောတယ်။ နောက်ပိုင်း ဝယ်မရတော့ဘူး။ အပြင်မှာစျေးက မတရားစျေးနဲ့ဝယ်ရတော့ ပြန်မဝယ်တော့ဘူး။ အဓိက အရေးကြီးတာကတော့ ပြည်သူအချင်းချင်း ရတဲ့နေရာကနေ သက်သောင့်သက်သာ စျေးနှုန်းနဲ့ ဖြန့်ချိပေးဖို့ တောင်းဆိုချင်တယ်”လို့ ပြောပါတယ်။
ဒေသခံတဦးကတော့ ရပ်ကွက်တွေအတွင်း ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲတွေ သက်ဆိုင်ရာက လုပ်ပေးစေချင်တယ်လို့ ပြောပါတယ်။
မိုးညှင်းမြို့မှာ ဇန်နဝါရီနောက်ဆုံးပတ်ကစလို့ ခရီးသွားကြမယ့် ဒေသခံတချို့ လက်မှတ်အရှုံးခံကာ ခရီးစဉ်တွေကို ဖျက်သိမ်းနေကြတာလည်းရှိပါတယ်။
မိုးညှင်းရုံပိုင်ကြီးက "ဟုတ်တယ် ဇန်နဝါရီ ၂၆ ရက်နေ့က လေအိတ်ရထားနဲ့ မန္တလေးသွားမယ့်အဖွဲ့ လက်မှတ်အစောင် ၇၀ ဖြတ်ထားပြီး မလိုက်ကြတော့ဘူး။ ကြောက်ကြတော့ အဆုံးခံသွားကြတယ်"လို့ ပြောပါတယ်။
ဘုရားဖူးကားလက်မှတ်တွေ စရန်ပေးထားကြပြီး အရှုံးခံမလိုက်တော့တာတွေရှိနေတယ်လို့ ရွှေတီချို ဘုရားဖူးအဖွဲ့က ပြောပါတယ်။
မိုးညှင်းမြို့ဟာ ကချင်ပြည်နယ် တရုတ်ပြည်ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ဂိတ်ပေါက် ရှိနေတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့လာမှာကို မြို့ခံတွေက စိုးရိမ်ပူပန်နေကြတာလည်း ဖြစ်ပါတယ်။
သတင်း - မုန်းမုန်းမင်