ပုသိမ်မြို့တွင် ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်နှင့် ရင်ပြင် စတင်ဆောက်လုပ်
DVB
·
January 30, 2020
ဧရာဝတီတိုင်းအတွက် ပထမဆုံး ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်နဲ့ ရင်ပြင်တည်ဆောက်ဖို့ ပန္နရိုက်အခမ်းအနားကို ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်၊ ပုသိမ် - မုံရွာကားလမ်းဘေးမှာ ဇန်နဝါရီ ၃၀ ရက် မနက် ၈ နာရီ၊ ၈ မိနစ်၊ ၈ စက္ကန့်အချိန်က ကျင်းပပါတယ်။
အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နဲ့ တိုင်းအစိုးရအဖွဲ့က ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီပေါင်းစုံက ပါတီဝင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ပြီး ရင်ပြင် တည်ဆောက်ဖို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီး တွေအပါအဝင် တာဝန်ရှိသူတွေက ပန္နရိုက်ပေးခဲ့ပါတယ်။
ရင်ပြင်တည်ဆောက်ရေး ဥက္ကဋ္ဌ ဦးဝေဠုက "ရင်ပြင်ကို အများပြည်သူပါဝင်တဲ့ ငွေတွေနဲ့ အကုန်အကျခံတည်ဆောက်သွားမှာပါ၊ တိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ၂၆ မြို့နယ်က ပြည်သူတွေပါဝင်နိုင်အောင် အလှူငွေကောက်ခံဖို့လည်း စီစဉ်ထားပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်က မိတ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်သူတွေ အွန်လိုင်းကလည်း အလှူငွေကောက်ခံနိုင်ဖို့ ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ပြီး ဘဏ်အကောင့်ဖွင့်ထားပါတယ်"လို့ ပြောပါတယ်။
ရင်ပြင်တည်ဆောက်ဖို့အတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ်သိန်း ၄၀၀ နဲ့ ၅၀၀ နီးပါးရှိနိုင်ပြီး လာမယ့် ရှစ်လေးလုံးနေ့မတိုင်ခင် ဖွင့်လှစ်နိုင်အောင် တည်ဆောက်သွားမှာဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ ငွေအားဖြင့်ရော လူအားနဲ့ပါ ပူးပေါင်းပါဝင်ပေးဖို့နဲ့ ရင်ပြင်တည်ဆောက်ပြီးနောက်ပိုင်းမှာလည်း တိုင်းအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနဲ့ ရင်ပြင်ကော်မတီဝင်တွေပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ ပြောပါတယ်။
ရင်ပြင်ကိုတာဝန်ယူတည်ဆောက်မယ့် ဗိသုကာပညာရှင် ညိုဝင်းက “ပုသိမ်ပန်းခြံထဲမှာရှိနေတဲ့ အနက်ရောင်ကျောက်သားကြီး တခုကို အပေါ်ကကြည့်လိုက်ရင် အင်္ဂလိပ်အက္ခရာ ရှစ်ဂဏန်းပုံမြင်ရမှာဖြစ်ပြီး ကျောက်သား နံရံကြီးက မြေပြင်ကနေ ထိုးထွက်လာပြီးတော့ တဖြည်းဖြည်းနဲ့ အချိုးညီစွာ အပေါ်ကိုတက်သွား ပြီးတော့ အပေါ်ဆုံးမှာ ကြယ်နီတပွင့်လုပ်ထားမှာဖြစ်ပြီး ကြယ်ပွင့်ထဲမှာ လက်ရာရှိမှာ ဖြစ်တယ်" လို့ ပြောပါတယ်။
ကြယ်နီထဲမှာထည့်မယ့် လက်ရာကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရာကိုယူပြီး ကြေးနဲ့ပြုလုပ်ဖို့အတွက် တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ တည်ဆောက်ရေးကော်မတီထံက သိရပါတယ်။
ဒါ့အပြင် နိုင်ငံနဲ့ ပြည်သူလူထုအတွက် သစ္စာရှိစွာနဲ့ မိမိကိုယ်မိမိ ပေးဆပ်မယ်ဆိုတဲ့ ကတိသစ္စာ မည်သူမဆိုပြုလို့ ရအောင် လက်ရာထည့်သွင်းထားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်နဲ့ ရင်ပြင်(ဧရာဝတီ)ဟာ ရှစ်လေးလုံး အရေးတော်ပုံ ရဲ့ အစိတ်အပိုင်းဖြစ်ပြီး နိုင်ငံရဲ့အချိုးအကွေ့ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကြီးဖြစ်လာအောင်လို့ ပေးဆပ်ခဲ့တဲ့ ပြည်သူတွေနဲ့ ရဲဘော်တွေကိုဂုဏ်ပြုတဲ့အနေနဲ့ တည်ဆောက်ရတာဖြစ်တယ်လို့ ရင်ပြင်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်တွေက ပြောပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)