ရိုးသားသည့် မြန်မာအိမ်အကူမိန်းကလေး ထိုင်းလူမှုကွန်ရက်တွင်ချီးကျူးခံရ
နန်းမြနဒီ
·
January 29, 2020
ထိုင်းတောင်ပိုင်း၊ ရနောင်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအိမ်အကူ မိန်းကလေးတဦးဟာ ဆိုင်တဆိုင်ကနေ ငွေပိုအမ်းမိတာကို သွားပြန်ပေးလိုက်တဲ့အတွက် ရိုးသားတဲ့သူမကို ထိုင်း လူမှုကွန်ရက်တွေမှာ ချီးကျူးနေကြပါတယ်။
ရနောင်းမြို့၊ ဘန်လင့်ရပ်ကွက်၊ ဖစ်ကဆဲမ်လမ်းရှိ စားသောက်ဆိုင်တဆိုင်မှာ ဇန်နဝါရီ ၂၇ ရက်က မြန်မာအိမ်အကူမိန်းကလေးတဦးဟာ အလုပ်ရှင်ရဲ့ စေခိုင်းချက်အရ ဟင်းတွေသွား ဝယ်ယူခဲ့တာပါ။
သူဟာအလုပ်ရှင်ကမှာလိုက်တဲ့ ဟင်းတွေကို ဘတ် ၆၃၀ ဖိုးဝယ်ယူပြီး ဘတ် ၁၀၀၀ တန် ငွေစက္ကူပေးလိုက်ပါတယ်။ ဆိုင်ရှင်က အမ်းလာတဲ့ငွေတွေကို အပြန်လမ်းမှာ သေချာရေတွက် ကြည့်တော့ ၁၂၇၀ ဘတ်ဖြစ်နေပြီး ဆိုင်ရှင်က ငွေ ၉၀၀ ဖိုး ပိုအမ်းလာလို့ သွားပြန်ပေးလိုက်ပါ တယ်။
ဆိုင်ရှင်က ဘတ် ၃၇၀ သာ ပြန်အမ်းရမှာဖြစ်ပေမယ့် ၁၀၀၀ တန် ငွေစက္ကူကို ၁၀၀ တန်နဲ့မှားယွင်းပြီး အမ်းမိလိုက်တာကို ရိုးသားစွာပြန်လာပေးတဲ့ မြန်မာမိန်းကလေးကို ကျေးဇူးတင် ချီးမွမ်းကာ သူ့ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်မှာ ဆိုင်ရှင်က တင်လိုက်ပါတယ်။ အဆိုပါ ပို့စ်မှာ အလုပ်အကိုင်က အိမ်ဖော်ဆိုပေမယ့် ရိုးဂုဏ်ရှိတဲ့ သူ့ကို ဝိုင်းဝန်းချီးကျူးနေကြပါတယ်။
အဆိုပါ မြန်မာအိမ်အကူမိန်းကလေးဟာ အသက် ၂၅ နှစ်ရွယ်ရှိ မခိုင်မုတ် ဆိုသူဖြစ်ပြီး တရုတ်နှစ်သစ်ကူးနေ့မှာ ကောင်းမှုတခုပြုလိုက်ရတာကြောင့် သူ့အတွက် မင်္ဂလာရှိတဲ့ နေ့တနေ့ဖြစ်တယ်လို့ သွားရောက်စုံစမ်းမေးမြန်းခဲ့တဲ့ သတင်းထောက်ကို ပြောခဲ့ပါတယ်။
ကိုးကား - bangsaenposttv ထိုင်းသတင်း