အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူအဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ်နှစ် ၃၀ ချမှတ်
DVB
·
January 28, 2020
အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူ အဓမ္မကျင့်ပြုကျင့်ကာ မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးမှာ စွန့်ပစ်ထားခဲ့တဲ့ တရားခံကို ဇန်နဝါရီ ၂၈ ရက် ပြင်ဦးလွင်ခရိုင်တရားရုံးက ထောင်ဒဏ်နှစ် ၃၀ အမိန့်ချမှတ်လိုက်ပါတယ်။
အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ် ၂၀ နှစ်၊ ကလေးခိုးယူမှုအတွက် ထောင်ဒဏ် ၅ နှစ်၊ နာကျင်စေမှုအတွက် ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်အားလုံးပေါင်း နှစ် ၃၀ ကျခံစေဖို့ အမိန့်ချခဲ့တာလည်း ဖြစ်ပါတယ်။
အဲ့ဒီအမှုမှာ ကလေးငယ်ဘက်က လိုက်ပါကူညီပေးနေတဲ့ ကလေးသူငယ်နှင့် အမျိုးသမီး အကြမ်းဖက်ခံရမှု တားဆီးကာကွယ်ပပျောက်ရေးကွန်ယက်မှ မမြအေးငြိမ်းက " ပုဒ်မ၃၇၆ အတွက် ပုံမှန်နှစ် ၂၀ အမိန့်ချတာ ကျမတို့ လက်ခံတယ်။ ကလေးလေးက မျက်လုံးထိခိုက်ပြီး အမြင်အာရုံ ချို့ယွင်းသွားတယ်။ အဲဒီအတွက်ပေးတဲ့ပြစ်ဒဏ် ၅ နှစ်က မမျှတဘူးလို့မြင်တယ်။ အဲဒီအတွက် ကလေးမိဘတွေနဲ့ ကျမတို့ လိုက်ပါကူညီပေးတဲ့အဖွဲ့တွေက အဖြေရှာပြီး တခုခု ဆက်လုပ်သွား ပါမယ်" လို့ ပြောပါတယ်။
အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီလောက်မှာ မိဘတွေ အလုပ်လုပ်တဲ့ အလုပ်ရုံကနေ စက်ဘီးနဲ့ စျေး၀ယ်ထွက်စဉ် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
နောက်တရက်အကြာမှာ ပျောက်ဆုံးသွားတဲ့ ကလေးငယ်ကို သူပျောက်ဆုံးတဲ့ နေရာနဲ့ မိုင်သုံးဆယ်ခန့်အကွာ မန္တလေး-ပြင်ဦးလွင် ကားလမ်းနံဘေး ခြုံပုတ်တခုထဲမှာ အဓမ္မပြုကျင့် ခံခဲ့ရဖွယ်ရှိတဲ့ လက္ခဏာတွေနဲ့ ပြန်လည်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒီအမှုအတွက် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူလို့ ယူဆရသူရဲ့ ဓာတ်ပုံတွေကို အင်တာနက် ကနေတဆင့် ဖြန့်ဝေအကူအညီတောင်းခံမှုတွေ၊ လိုက်လံစုံစမ်းခဲ့ပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့မှာ တရားခံကိုဖမ်းဆီးရမိကာ တရားစွဲဆိုနိုင်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာ အခုလို အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
သတင်း- ထိန်ထိန်လင်း