Home
မြန်မာသတင်း
လှိုင်းဘွဲတွင် တမိလ်ဘာသာရေးခေါင်းဆောင် ၃ ဦး ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲခံရ
DVB
·
January 28, 2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာ တမိလ်ဘာသာရေးခေါင်းဆောင် ၃ ဦးကို ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲဆိုထားတယ်လို့ ဟိန္ဒူဘာသာဝင် တမိလ်လူမျိုး သာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဦးတန်ဘီက ပြောပါတယ်။ တမိလ်လူမျိုးတွေဆီကနေ နိုင်ငံသား စိစစ်ရေး ကတ်ပြားပြုလုပ်ခ လိမ်လည်ယူခဲ့မှုနဲ့ ကရင်ပြည်နယ်လုံးဆိုင်ရာ တမိလ်လူမျိုး ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့ နာယက ဦးတင်လှိုင်၊ ဦးဌေးနိုင်နဲ့ ဥက္ကဋ္ဌ ဦးမောင်လေးတို့ကို ဒေသခံ တမိလ်လူမျိုးတွေက တရားစွဲဆိုခဲ့တာပါ။ တမိလ်လူမျိုးတွေဆီက နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခအဖြစ် တဦးကို ကျပ်ငွေ ၃၂၀၀၀ ကျပ်ကောက်ခံပြီး ၃ နှစ်နီးပါး ကြာမြင့်တဲ့အထိ ဆောင်ရွက်ပေးတာ မရှိတဲ့အတွက် ဒေသခံတွေက အမှုဖွင့်လှစ်ခဲ့တဲ့အတွက် လှိုင်းဘွဲမြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေရပါတယ်။ လှိုင်းဘွဲမြို့နယ်၊ ထီလုံစံပြကျေးရွာ ဟိန္ဒူဘာသာဝင် တမိလ်လူမျိုး သာသနာပြုအဖွဲ့၊ ဥက္ကဋ္ဌ ဦးတန်ဘီက “အခုချိန်ထိ ကျနော်တို့ မှတ်ပုံတင်တော့ မရရှိသေးဘူး။ ခေါ်ယူစစ်ဆေးခြင်း မရှိဘူး။ လ၀ကကို သွားအကြောင်းကြားတဲ့အချိန် လဝကက ဦးဌေးနိုင်ကိုငွေပေးတယ်ဆိုရင် ဦးဌေးနိုင်နဲ့ ရှင်းပါဆိုတော့ ဒီကိစ္စကို ကျနော်တို့ တရားရုံးတိုင်ရတာဖြစ်တယ်”လို့ ပြောပါတယ်။ ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ၊ ဒုပြည်နယ်ဦးစီးမှူး ဦးအောင်ဝင်းကတော့ “ကျနော်တို့ ဌာနဆိုင်ရာအနေနဲ့ ပါဝင်ပတ်သက်မှုတွေမရှိတဲ့ အတွက်ကြောင့်မို့ ဌာနဆိုင်ရာအနေနဲ့ သူတို့ကို အထက်ဌာနရဲ့ ညွှန်ကြားချက်တွေပေါ်မူတည်ပြီးတော့ ဆောင်ရွက်သွားဖို့ပဲရှိတယ်”လို့ ပြောပါတယ်။  ဌာနဘက်က မှန်ကန်တယ်ဆိုရင် ငွေကြေးယူခဲ့တဲ့ ပုဂ္ဂိုလ်ကို အရေးယူ တရားစွဲရမယ်လို့ လှိုင်းဘွဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ပြောပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခအဖြစ် လူပေါင်း ၂၁၇ ဦးထံကနေ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၀ ရက်က စတင်ပြီး အရစ်ကျရယူငွေ စုစုပေါင်း ၆၉ သိန်းကျော်ကို ဘာသာရေးခေါင်းဆောင်တွေက ရယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရားစွဲခံရတဲ့ ကရင်ပြည်နယ်လုံးဆိုင်ရာ တမိလ်လူမျိုး ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့၊ နာယက ဦးတင်လှိုင်က “လူကြီးပိုင်းတွေနဲ့ သွားဆွေးနွေးပြီးတော့ ညွှန်မှူးကလည်း နာယက တစ်ယောက်ပါပါစေ။ လဝကညွန်မှူး ဦးစီးမှူး ဦးယဉ်နုလက်ထက်မှာ သူကိုယ်တိုင်လည်း ပါတယ်။ ကျနော်တို့ကို သူပြောပြတယ်။ စာရွက်စာတမ်းဖို့ ဒီလောက်ရှိတယ်။ ၃၂၀၀၀ ထက်ပိုမယူနဲ့ဆိုပြီး မှာကြားထားတယ်”လို့ ပြောပါတယ်။ မှတ်ပုံတင်ပြုလုပ်ရာမှာ ငွေကြေးတောင်းခံမှုနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ၊ နိုင်ငံတော်သမ္မတနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တာဝန်ရှိသူတွေထံ တင်ပြတိုင်ကြားခဲ့ပေမယ့် ထိရောက်တဲ့အရေးယူမှုတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ငွေတောင်းခံခဲ့တဲ့ တာဝန်ရှိသူတွေကို ၂၀၁၉  ဧပြီ ၂၈ ရက်က နယ်မြေရဲစခန်းမှာ ဒေသခံတွေက ပုဒ်မ ၄၂၀ လိမ်လည်မှုနဲ့ အမှုဖွင့်လှစ်ခဲ့လို့ လက်ရှိမှာ တရားရင်ဆိုင်နေရတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024