Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းလွှတ်တော် ၄ လကြာသည်အထိ ပြန်မစနိုင်သေး
Aung Ko Latt
·
January 28, 2020
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၄ လ လောက်ကြာတဲ့အထိ ပြန်မစနိုင်သေးတာဟာ အစိုးရဘတ်ဂျက်ကိစ္စ မပြီးသေးလို့ ဖြစ်တယ်လို့ တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ ပုံမှန်အစည်းအဝေးပေါင်း ၂၁ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၃ ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။  ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ၂၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး နောက်ဆုံးနေ့ကို ကျင်းပခဲ့ပြီး ဒီနေ့အချိန်ထိ အစည်းအဝေးမခေါ်နိုင်သေးပါဘူး။  အခုလို အစည်းအဝေး မခေါ်ရတာက ကိုယ်စားလှယ်တွေ ပြည်သူနဲ့ ပိုမိုထိတွေ့နိုင်ဖို့လည်း ဖြစ်သလို တိုင်းအစိုးရအဖွဲ့က ဘတ်ဂျက်ကိစ္စတွေ မပြီးပြတ်သေးတာကြောင့်လည်းဖြစ်တယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောပါတယ်။ "နံပါတ် ၁ အချက်ကတော့ ကိုယ်စားလှယ်တွေ ကွင်းဆင်းချိန်ရအောင်၊ နံပါတ် ၂ အချက်က အစိုးရရဲ့ ဘတ်ဂျက်အသုံးပြုမှုတွေ နောက်လာမယ့် ပိုလျှံဘတ်ဂျက်၊ ဖြည့်စွက်ဘတ်ဂျက် အဲဒီလုပ်ငန်းတွေက အစိုးရဘက်က မပြီးသေးတော့ စောင့်နေတာ။ လွှတ်တော်အစည်းအဝေး မခေါ်ပေမယ့်လို့ ရေးရာကော်မတီတွေကတော့ ပုံမှန်အလုပ်လုပ်နေပါတယ်။"လို့ လွှတ်တော် အကြီးအကဲ ဦးသန်းက ပြောပါတယ်။ တိုင်းလွှတ်တော်ကို လာမယ့် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ကျင်းပနိုင်အောင် စီစဉ်ထားတယ်လို့ဆိုပါတယ်။ အခုလို ရပ်နားထားတဲ့အတွက် ပြည်သူလူထုတွေ့ဆုံပွဲတွေကို အများကြီး ပြုလုပ်နိုင်တယ်လို့လည်း ကိုယ်စားလှယ်တချို့က ပြောပါတယ်။ ရေဦးမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးမြင့်ထွေးက "တချို့မေးခွန်းတွေကတော့  Up date မဖြစ်တော့ဘူးပေါ့။ ဥပမာ နွေစပါးစိုက်ပျိုးရေးအတွက် ရေရရှိရေး အစိုးရဘယ်လိုစီစဉ်ထားလဲဆိုတာမျိုးပေါ့။ ဒါဆို နောက်ကျသွားပြီ။ အဲဒါမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် တဘက်မှာလည်း ပြည်သူနဲ့ ထိတွေ့ခွင့် ပိုရပါတယ်။ တွေ့ဆုံပွဲတွေ ပိုလုပ်နိုင်တယ်။ အကောင်းအဆိုးကတော့ ရှိတာပါပဲ"လို့ ပြောပါတယ်။ ယင်းမာပင်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်အောင်မေရီက "တချို့ကိစ္စတွေက လွှတ်တော်ကသွားမှ အဆင်ပြေမယ့်ကိစ္စတွေကျတော့ တင်ပြခွင့်မှ မရတာ။ ပြီးတော့ ကိုယ်စားလှယ်ဆိုတာ ကိုယ့်မဲဆန္ဒနယ်မှာ သွားလာလှုပ်ရှားနေရတာ။ ဝန်ကြီးကို သွားတွေ့ဖို့ဆိုတာ မလွယ်ဘူး။ လွှတ်တော်ကျင်းပချိန်မှ ကိုယ်စားလှယ်နှင့် အစိုးရတွေ့ဆုံခွင့်ရတာ။ ဟိုနေ့ခေါ်နိုးနိုး ဒီနေ့ခေါ်နိုးနိုးစောင့်နေရတာ။ လွှတ်တော်ကလည်း လွှတ်တော်အလုပ် လုပ်စေချင်တယ်။ တကယ်တော့ ဒါမဖြစ်သင့်တဲ့ ကိစ္စပါ။ ပြည်သူက အများကြီးနစ်နာတယ်။'လို့ ပြောပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ၉၉ ဦးရှိပါတယ်။ လွှတ်တော်အစည်းအဝေးကျင်းပရက် ၁ ရက်ကို ကျပ်သိန်း ၅၀ ဝန်းကျင်ကုန်ကျ တယ်လို့ သိရပါတယ်။  လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းလွှတ်တော်မှာ မေးခွန်းပေါင်း ၁၇၀၀ ဝန်းကျင်နဲ့ အဆိုပေါင်း ၂၀ ကျော်၊ ဥပဒေ ၇ ခုကို အတည်ပြုထားပြီး နောက်ထပ် ဥပဒေကြမ်း ၁၀ ခုကိုလည်း ကျန်တဲ့ သက်တမ်းအတွင်းမှာ အတည်ပြုနိုင်အောင် လုပ်ဆောင်နေတယ်လို့ လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။  ဒါ့အပြင် အစိုးရ၊ လွှတ်တော်၊ တရားရေး မဏ္ဍိုင် ၃ ရပ် ပွတ်တိုက်ရင် နစ်နာမှာက ပြည်သူဖြစ်လို့ ပွတ်တိုက်မှုမရှိအောင် ထိန်းညှိလုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024