Home
မေးမြန်းခန်း
အိမ်ထောင်ရေး ပြဿနာ (ဥပဒေရေးရာ အမေးအဖြေ)
DVB
·
January 26, 2020
အိမ်ထောင်ရေးမှာ ကွာရှင်းခွင့်မပေးတာ၊ ဖောက်ပြန်တာ၊ တလင်တမယားဥပဒေ စတာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်က မေးမြန်းလာတာတွေကို ဦးကျော်ဇေယျ ( ဥပဒေပညာရှင်၊ စာရေးဆရာ) အား ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး ။ “ကျနော့်တဝမ်းကွဲ ညီမတယောက် သူနဲ့ပတ်သက်ခဲ့သူကို ၄၁၇ နဲ့ တရားစွဲတာ ကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ရခဲ့တဲ့ ကိုယ်ဝန်ကြောင့် ကလေးမွေးခဲ့ရတဲ့အတွက် သူ ထောင်ကလွတ်ရင် ကလေးစရိတ် ထပ်တောင်းလို့ ရပါသလား ဆိုတာကို သိပါရစေ။” ဖြေ ။ အဓိကကတော့ ၄၁၇ နဲ့ တရားစွဲတဲ့အခါမှာ ဒီရရှိတဲ့ကိုယ်ဝန်က ဒီတရားခံနဲ့ ရရှိတယ်ဆိုတဲ့အချက် ပီပြင်အောင် ထွက်ဆိုနိုင်ဖို့ အရေးကြီးတာပေါ့။ သက်သေခံဥပဒေပုဒ်မ ၁၁၂ နဲ့လည်း သက်ဆိုင်တယ်ကွယ်။ ဒါကြောင့်မို့ သူကတော့ အထောက်အထား ခိုင်ခိုင်မာမာနဲ့ ဒီတရားခံနဲ့ရတဲ့ ကိုယ်ဝန်ဖြစ်တယ်ဆိုတာကို သက်သေ အထင်အရှား ပြနိုင်တယ်လို့ဆိုရင်တော့ အဲဒီတရားခံက ထောင်ကျပြီး ပြန်လွတ်လာလို့ရှိရင် ကလေးစရိတ်ပေးဖို့ တာဝန်ရှိတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ၁၉၈၀ ပြည့်နှစ် မြန်မာနိုင်ငံစီရင်ထုံး ဗဟိုတရားရုံးက ဆုံးဖြတ်ထားတာ စာမျက်နှာ ၅၃ မှာ ဒီအတိုင်း လမ်းညွန်ထားတယ်။ နောက်ပြီးတော့လည်း ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေတဲ့ အဲဒီဟာမှာ ပုဒ်မ ၄၂ (က) မှာလည်း ပါပါတယ်။ ဖခင်ဖြစ်သူက မိမိရဲ့ ကလေးသူငယ်အပေါ်မှာ ထောက်ပံ့ဖို့ တာဝန်ရှိတယ်လို့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပေဒမှာ ဆိုထားတယ်။ ဒါကြောင့်မို့ မိမိဘက်က ပြရမှာက ဒီကလေးက တရားခံနဲ့ရတဲ့ ကလေးဖြစ်တယ်ဆိုတာ အခိုင်အမာ သက်သေပြနိုင်ရင်တော့ အဲဒီဥစ္စာက ထိမ်းမြားခြင်း တရားဝင်တာ၊ မဝင်တာနဲ့ မဆိုင်ဘူး။ ဒီအမျိုးသားမှာ ကလေးကို ကလေးစရိတ် ထောက်ပံ့ဖို့ တာဝန်ရှိတယ်လို့ပဲ ဖြေကြားချင်ပါတယ်။   မေး ။ “ဆရာခင်ဗျား။ ရင်းနှီးတဲ့ ကျနော့်သူငယ်ချင်း အမျိုးသမီးတယောက်က သူ့ယောကျာ်းနဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့အတွက် နေ့စဉ် စိတ်ဆင်းရဲနေရကြောင်း၊ ဆက်ပြီးမပေါင်းချင်တော့လို့ ကွာရှင်းမယ် ပြောလည်း မကွာပေးကြောင်း၊ ဒါကြောင့် သူ့ဖုန်းထဲကို သူနဲ့ကျွန်တော်နဲ့ ငြိစွန်းနေတဲ့ ပုံစံမျိုးဖြစ်အောင် လင်မယားကိစ္စတွေ အပြန်အလှန် ရေးပေးပါလို့ အကူအညီတောင်းခံခဲ့ပါတယ်။ ကျနော်လည်း ငယ်သူငယ်ချင်း ဖြစ်နေလို့ သူပြောတဲ့အတိုင်း သူနဲ့ကျနော်တို့ လင်ခန်းမယားခန်းကိစ္စကို အပြန်အလှန် ရေးကြပါတယ‌ေ။ ဒါကို သူ့ယောကျာ်းကတွေ့ပြီး ကျနော့်ကို တရားစွဲဖို့လုပ်နေပါတယ်။ ကျနော်က စေတနာနဲ့ ကူညီတာသာဖြစ်လို့ သူ့ယောကျာ်းအနေနဲ့ တရားစွဲနိုင်ပါသလား။” ဖြေ ။ အမှန်ကတော့ မကူညီသင့်တဲ့ကိစ္စပဲ။ ဘာပဲဖြစ်ဖြစ်.. ဒါက ကိုယ့်ကို ဒုက္ခရောက်အောင် ဖန်တီးတာနဲ့ သွားတူတယ်။ သူတို့လင်မယား၊ သူတို့ကိစ္စ… အဆင်မပြေရတဲ့ကြားထဲ ကိုယ့်ကဝင်ပြီးတော့ လက်လျှိုလုပ်သလို ဖြစ်သွားတာပေါ့နော်။ အဲဒီလို အပြန်အလှန် ရေးသားတယ်၊ facebook မှာ ရေးတာတို့၊ အဲဒါတွေ တင်တာတို့ .. ဆိုတာတွေ ဘာဖြစ်သလဲဆိုရင် ဒါက.. အထောက်အထားတရပ်လည်း ဖြစ်သွားနိုင်တယ်။ ဒါသက်သေခံလည်း ဝင်သွားနိုင်တာပေါ့။ အဲဒီတော့ သွားလာဆက်ဆံတယ်ဆိုတဲ့ သဘောလေးများ သက်ရောက်တဲ့ အရေးအသားလေးများ ပါသွားမယ်ဆိုလို့ရှိရင် သူက ဘာဖြစ်သွားနိုင်သလဲဆိုရင် ဟိုအမျိုးအသားက သူ့အပေါ်မှာ မယားခိုးမှုနဲ့ တရားစွဲလို့ရတယ်။ နောက်တခါ ဒီအမျိုးသမီးကိုလည်း တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ အရေးယူလို့ရတယ်။ နှစ်ယောက်စလုံးကို ဟိုပထမ ခင်ပွန်းသည်က တရားစွဲလို့ရနေတယ်။ ဒါကြောင့်မို့ ဒါက မလုပ်သင့်ဘူး။ ဒီဥစ္စာက  မကူညီသင့်တဲ့ကိစ္စပဲ။ ဒါကြောင့်မို့ ဒါမျိုးကတော့ တရားစွဲမယ်ဆိုရင် ရသလားလို့ မေးရင်.. မိမိ ရေးသားလိုက်တဲ့ အချက်အလက်တွေက စောစောကလို လွန်လွန်ကျုးကျုး ဖြစ်လောက်တဲ့အချက်တွေ ပါဝင်သွားမယ်၊ ဥပဒေနဲ့ ငြိစွန်းလောက်တဲ့ အချက်တွေများ ပါဝင်နေမယ်ဆိုရင် မယားခိုးမှုနဲ့ အရေးယူမယ်။ သူ့ဇနီးကိုတော့ တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ အရေးယူလို့ ရတယ်လို့ ဖြေကြားချင်ပါတယ်။ မေး ။ “ကျနော်နဲ့ ဇနီးဖြစ်သူတို့ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ကွဲနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားဝင် မကွာရှင်းရသေးပါဘူး။ ၂၀၁၆ ခုနှစ်မှာ နောက်ယောကျ်ား ယူလိုက်ပါတယ်။ ပေါင်းနေရင်း နောက်တနှစ်မှာ ဇနီးဆုံးသွားတော့ ကျနော်နဲ့ရတဲ့ ကလေးနှစ်ယောက် ကျန်ခဲ့ပါတယ်။ သူ့အမေလည်း မရှိတော့တဲ့အတွက် ကျန်ရစ်တဲ့ ပစ္စည်းတွေအတွက် ကလေးနှစ်ယောက် ခံစားခွင့်ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိလိုပါတယ်။” ဖြေ။ အမှန်ကတော့ သူကိုယ်တိုင်ကလည်း သိပ်မပြတ်သားဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူက သူ့ဇနီးနဲ့ ကွဲတာနေတာ မပြတ်သေးဘူးလို့ ပြောတာကိုး။ မပြတ်သေးဘူးဆိုရင်  သူ့ဇနီးက နောက်အိမ်ထောင်ထူရင် သူ တစုံတရာ ဥပဒေအရ အရေးယူရမှာပေါ့နော်။ အဲဒီလို အရေးမယူဘဲနဲ့ နေတယ်ဆို‌တော့ သူကလည်း သဘောတူရာ ရောက်တာပေါ့နော်။ ခွင့်လွှတ်တဲ့ သဘောလည်း သက်ရောက်တာပေါ့ကွယ်။ ဒါပေမဲ့ ဒီကိစ္စကတော့ သူမေးတဲ့အထဲ မပါတဲ့အတွက် မဖြေတော့ပါဘူး။ သူ မေးတာကတော့ သူနဲ့ရတဲ့ သားသမီးနှစ်ယောက်က အမွေရနိုင်သလား။ အမေကဆုံ းသွားပြီးကိုး။ နောက်အိမ်ထောင်နဲ့ပေါင်းပြီး တနှစ်အတွင်းမှာ ဆုံးပါးသွားပြီဆိုတော့ အမွေရ၊ မရ ဆိုတာ မေးထားတာပေါ့။ အဲဒီတော့ အရေးကြီးတာက ပစ္စည်းကျန်ခဲ့တယ်ဆိုတာက ဒီအမေက နောက်အိမ်ထောင်ကို ထူလိုက်တဲ့အချိန်မှာ ပါသွားတဲ့ပစ္စည်း ရှိသလား။ ဒါ တချက် ကြည့်ရတာပေါ့။ ပါသွားတဲ့ပစ္စည်း ရှိတယ်ဆိုရင်တော့ အမေက နောက်အိမ်ထောင်ထူရင် သားသမီးကို တဝက်ပေးခဲ့ရမှာပေါ့။ တဝက် ခံစားခွင့်ရှိတာပေါ့နော်။ ဒါကတော့ ပါသွားတယ် ဆိုရင် ပြောတာပေါ့။ တကယ်လို့ အမေက နောက်အိမ်ထောင်ထူတဲ့အခါမှာ ပစ္စည်းတစုံတခုမှ မပါဘဲနဲ့ နောက်အိမ်ထောင်ထူတော့မှသာ ပစ္စည်းက ဖြစ်ထွန်းတယ်ဆိုရင်တော့ အမေဆုံးရင် ‌နောက်အိမ်ထောင်နဲ့ပဲ ဆိုင်သွားတယ်။ ပထမရတဲ့ သားသမီးအနေနဲ့ မဆိုင်တော့ဘူးကွဲ့။ သူက ဘာနဲ့ဆိုင်သလဲ။ အမေက အိမ်ထောင်ထူတဲ့အချိန် ပါသွားတဲ့ ပစ္စည်းကို ခွဲမှာလား။ အဲဒါဆိုရင်တော့ တဝက်ရမှာပေါ့။ အဲဒီလိုမှမဟုတ်ဘူး။ အမေက လုံးလုံး လက်ချည်းသက်သက် ပါသွားတာ ဆိုရင်တော့ အမေ ဆုံးရင် နောက်အိမ်ထောင်ကပဲ ခံစားခွင့်ရှိတယ်လို့ ဖြေချင်ပါတယ်။ မေး ။ “ဆရာရှင့်။ ကျမတို့က ထိုင်းမှာ အလုပ်လုပ်နေရင်းနဲ့ ယူလိုက်ကြတာပါ။ သူနဲ့ ယူပြီးမှ ပြည်တွင်းမှာ အိမ်ထောင်ရှိကြောင်း သိရပါတယ်။ ကျမလည်း မထူးဇတ်ခင်းပြီး ဒီအတိုင်းပဲ နေလိုက်တာ ကလေးတယောက် ရနေပါပြီ။ ဒီမှာ အိမ်ထောင်ကျနေတယ် ဆိုတာကို သိသွားတဲ့ သူ့ဇနီးက မြန်မာပြည် ပြန်လာရင် တလင်တမယားဥပဒေနဲ့ တရားစွဲမယ်လို့ ဖုန်းထဲကတဆင့် ပြောဆိုလာပါတယ်။ ကျမတို့ မြန်မာပြည်ပြန်ရင် တလင်တမယားဥပဒေနဲ့ တရားစွဲခံရနိုင်ပါသလား၊ ဘယ်အချိန်ကျမှ ပြန်ရင် တရားစွဲတာ လွတ်ကင်းမလဲ ဆိုတာကို သိပါရစေရှင်။” ဖြေ ။ အမှန်ကတော့ သူကတော့ သူ့ခင်ပွန်းသည်က နောက်အိမ်ထောင်ထူတဲ့သဘော ဖြစ်သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ မြန်မာနိုင်ငံမှာ ဇနီးမယားရှိပါလျက်နဲ့ တခြား ပြည်ပမှာ နောက်အိမ်ထောင်ထူတာကိုး။ နောက်အိမ်ထောင်ထူတော့ တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအရ အရေးယူရမှာက ဒီအမျိုးသားက အရေးယူခံရမှာ။ အမျိုးသမီးက အရေးယူခံရမှာ မဟုတ်ဘူး။ အဲဒီတော့ ပြန်လာလို့ရင်တော့ ဟိုဇနီးကနေပြီးတော့ စွဲမယ်ဆိုရင် သူ့အမျိုးသားကို စွဲမှာပဲ။ အမျိုးသမီးကိုတော့ စွဲလို့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ဘယ်အချိန် ပြန်လာရင် ဒီဥစ္စာလွှတ်မှာလဲ ဆိုတာကျတော့ ဒီဥစ္စာ ပြောလို့ မရဘူးလေကွယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာဇဝတ်မှုဆိုတာက ကာလစည်းကမ်းသတ်မရှိဘူး သူ စွဲချင်တဲ့အချိန်စွဲ၊ သူ ပြန်ချင်တဲ့အချိန်မှ ဟိုကလည်း စွဲချင်စွဲမှာပေါ့။ ဒါကြောင့်မို့ သူကတော့ ဥပဒေအရတော့ ရင်ဆိုင်ရမှာပေါ့။ အဲဒီလိုပဲ ဖြေရပါလိမ့်မယ်။ မေး ။ “ဆရာခင်ဗျား။ ကျနော်က တလင်တမယားဥပဒေနဲ့ ငြိစွန်းလို့ ထောင်ဒဏ် ကျခံရပြီးသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီးနောက် နောက်အမျိုးသမီးတယောက်နဲ့ တရားဝင် လက်ထပ်မယ်ဆိုရင် အရင်မိန်းမက ဒီဥပဒေနဲ့ ထပ်ပြီး တရားစွဲနိုင်ပါသေးသလား ဆိုတာကို သိပါရစေ။” တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရ အပြစ်ပေးခံရပြီးဖြစ်ရင် နောက်ထပ် ဒီဥပဒေနဲ့ ထပ်ပြီးအပြစ်ပေးမခံရဘူးလို့ပဲ သူက ယူဆထားသလား မသိဘူးပေါ့ကွယ်။ အမှန်ကတော့ အကြောင်းခြင်းရာက မတူလို့ရှိရင် ဒါဟာ ဒီဥပဒေနဲ့ပဲ အရေးယူလို့ ရတာပဲ။ ပထမတကြိမ် အိမ်ထောင်ရေးဖောက်ပြန်လို့ တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာဥပဒေနဲ့ အရေးယူခံရပြီးပြီး။ သူက အပြစ်ဒဏ်ကျပြီးပြီ.. ပြန်ထွက်လာတယ်။ ပြန်ထွက်လာပြီးတော့ နောက်တယောက်ကို ထပ်ယူဖို့ ကြိုးပမ်းပြန်တယ်။ ဆိုတော့ အကြောင်းခြင်းရာ နောက်တခု ဖြစ်သွားပြီး အသစ်ဖြစ်သွားပြီး အဲဒီအတွက်လည်း သူက တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအရ အရေးယူခံရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက ဒီဥပဒေနဲ့အရေးယူခံရပြီးရင် နောက်အရေးယူမခံရဘူးလို့များ မှတ်နေသလား မသိဘူးပေါ့။ အဲဒီလိုတော့ မမှတ်ပါနဲ့။ ထပ်ထပ်ပြီး ကျူးလွန်ရင် ကျူးလွန်တဲ့အလျောက် ဒီဥပဒေကလည်း နောက်ကနေပြီးတော့ အရိပ်ပမာ အရေးယူခံရဖို့ လိုက်နေမယ်လို့ပဲ ဖြေကြားချင်ပါတယ်။ တခုရှိသေးတယ် ဆိုကြပါစို့.. သူက အိမ်ထောင်ရှိလျက်နဲ့ နောက်တယောက်ကို ယူလိုက်တယ်။ နောက်တယောက်ကို ယူလို့ သူက တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအရ အရေးယူခံရတယ်။ အပြစ်ကျတယ်။ အပြစ်ကျပြီးတော့မှ အဲဒီမိန်းကလေးနဲ့ တခါ  ယူဦးမယ်ဆိုရင်ကော.. အပြစ်ကျမလား။ ဒါလေးကလည်း သတိပြုစရာပေါ့နော်။ အမှန်ကလည်း အပြစ်ကျမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ cause of action အကြောင်းခြင်းရာ မတူဘူး။ ပထမအကြိမ် ကျူးလွန်တာက တမျိုး၊ အပြစ်ကျပြီးတော့ ဒီအမျိုးသမီးနဲ့ပဲ နောက်တကြိမ် ထပ်ပြီးတော့ ယူဦးမယ်ဆိုလို့ရှိရင်လည်း အကြောင်းခြင်းရာ နောက်အသစ် ဖြစ်သွားပြီ။ ဒါဆိုရင်လည်းပဲ အရေးယူခံရမှာပါဘဲလို့ ဖြေကြားချင်ပါတယ်။ မေး ။ “ကျနော့်ညီတော်သူတယောက် (ဗုဒ္ဓဘာသာဝင်) က ခရစ်ယာန်ဘာသာဝင် အမျိုးသမီးတဦးနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့အညီ လက်ထပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူတို့နှစ်ယောက်က သဘောထားချင်း မတိုက်ဆိုင်တော့လို့ ကွာရှင်းလိုနေကြပါတယ်။ တရားဝင်ဖြစ်အောင် ဘယ်ဥပဒေနဲ့ ကွာရှင်းရမလဲ  ဆိုတာကို သိလိုပါတယ်။” ဖြေ ။ ပေါင်းသင်းတဲ့အခါမှာ အမျိုးသမီးရဲ့ ကိုးကွယ်တဲ့ဘာသာကို ကြည့်ရတာပေါ့ကွယ်။ မိန်းကလေးက ဗုဒ္ဓဘာသာ ကိုးကွယ်တယ်ဆိုရင် ဗုဒ္ဓဘာသာရဲ့ ထုံးတမ်းဥပဒေနဲ့အညီ ထိမ်းမြားလက်ထပ်ခြင်းက.. ဒါက တရားဝင်တယ်လို့ ပြောရမှာပေါ့။ တကယ်လို့ အမျိုးသမီးက ခရစ်ယာန်ဘာသာဝင် ဖြစ်နေတယ်ဆိုလို့ရှိရင် ခရစ်ယာန် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့အညီ သူက ထိမ်းမြားရတယ်။ ဒါမှ သူက တရားဝင်တာ။ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာဥပဒေနဲ့ ထိမ်းမြားရမယ်ဆိုရင် ဘယ်မှာ ထိမ်းမြားရမလဲဆိုတော့ လိုင်စင်ရတဲ့ ဿသနာရေးအရာရှိ တွေဆီမှာပဲ ဖြစ်ဖြစ်၊ သာသနာပိုင်ပုဂ္ဂိုလ်တဦးဆီမှာပဲဖြစ်ဖြစ် လက်ထပ်မယ်လို့ရှိရင် ဒီဥစ္စာ တရားဝင်တာပေါ့။  ဒါပေမဲ့ သူတို့လက်ထပ်ပုံက တစ်မျိုး..။ အမျိုးသမီးက ခရစ်ယာန်ဘာသာဝင် ဖြစ်ပေမယ့် မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ ထိမ်းမြားတယ်ဆိုတော့ .. ဘယ်လို ထိမ်းမြားသလဲတော့ မသိဘူးပေါ့ကွယ်။ အခုသူက ကွာတော့မှာ ဆိုတော့ ဘယ်မှာ ကွာရမလဲ၊ ဘယ်လို ကွာရမလဲ သိချင်တာပေါ့။ အမှန်က ထိမ်းမြားခြင်းဆိုင်ရာဥပဒေအရ ဆိုရင် ထိမ်းမြားမယ်ဆိုရင် စောစောက ပြောသလို အမျိုးသမီးက ခရစ်ယာန်ဖြစ်တယ်ဆိုရင် ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ အညီ ဒါကို ပုဒ်မ ၄ မှာ ဆိုထားတာ။ သူက ခရစ်ယာန်ဓလေ့ထုံးတမ်းနဲ့အညီ ထိမ်းမြားမှ တရားဝင်တာ ပြောတာ။ အဲဒီတော့ ဘယ်မှာ ထိမ်းမြားရမလဲဆိုရင် ဿသနာပိုင်ပုဂ္ဂိုလ်ဆီမှာပဲ ဖြစ်ဖြစ်၊ လိုင်စင်ရ ဿသနာရေးအရာရှိထံမှာပဲဖြစ်ဖြစ် ထိမ်းမြားရမယ်။ နောက် တချက် ရှိသေးတယ်။ အဲဒါက ဘာလဲဆိုရင် တရားလွှတ်တော်ချုပ်ပေါ့။ ၂၀၁၃ ခုနှစ်ကနေပြီးတော့ ကြေညာချက်အမှတ် ၁၅၃ ထုတ်ထားတယ်။ အဲဒီအမိန့်မှာ.. အဲဒီကြေညာချက်မှာ ဘာပါသလဲ ဆိုရင် ထိမ်းမြားခြင်းကို ခွင့်ပြုတာပေါ့။ ပြုလုပ်ခွင့်ပေးထားတာက တိုင်းနဲ့ ပြည်နယ် တရားသူကြီးတွေ၊ ခရိုင်တရားသူကြီးတွေ၊ မြို့နယ်တရားသူကြီးတွေကို ထိမ်းမြားခွင့် အခွင့်အာဏာ ပေးထားတယ်။ အဲဒီမှာ သွားပြီးထိမ်းမြားမယ်ဆိုလည်း ရတယ်။ ဒါကြောင့်မို့ ကွာမယ်ဆိုရင်လည်း… အဲဒီထိမ်းမြားတုန်းကလည်း မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေလို့ ပြောထားတာကို ဘယ်လိုပဲဖြစ်ဖြစ် တရားရုံးမှာ သွားပြီးတော့ ကွာရှင်းလိုက်ပါ။ ဒီအာဏာလည်း တရားရုံးကို ပေးထားပါတယ်။ တရားရုံးမှာ သွားပြီးတော့ ကွာရှင်းမယ်ဆိုရင် ဥပဒေနဲ့အညီ ဖြစ်ပါတယ်လို့ပဲ အကြံပေးချင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024