မြန်မာ ကျွမ်းကျင်မှုပြိုင်ပွဲ တပ်မတော်ခန်းမတွင် ကျင်းပ
ဆုဆုသွယ်
·
January 25, 2020
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့က ဦးဆောင်ပြီး မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၀ ကို ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ဇန်နနဝါရီ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပနေပါတယ်။
မြန်မာနိုင်ငံမှာ ရှိနေတဲ့ နည်းပညာတွေကို ဖော်ထုတ်ပြီး အာဆီယံတွင်းမှာရှိနေတဲ့ နည်းပညာတွေနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် မြန်မာ ကျွမ်းကျင်မှုပြိုင်ပွဲကို ကျင်းပတာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာတော့ မော်တော်ယာဉ်စက်ပြင်ကျွမ်းကျင်မှု၊ လေအေးပေးစက် တပ်ဆင် ပြုပြင်ကျွမ်းကျင်မှု၊ ဆံကေသာ အလှပြုပြင်ကျွမ်းကျင်မှု၊ လျှပ်စစ်သွယ်တန်းခြင်းနှင့် ပြုပြင်ခြင်း ကျွမ်းကျင်မှု၊ စားသောက်ဆိုင် ဝန်ဆောင်မှု ကျွမ်းကျင်မှုနဲ့ အချက်အပြုတ် ကျွမ်းကျင်မှု စတဲ့ အလုပ်အကိုင် ၆ မျိုး ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
မြန်မာကျွမ်းကျင်မှုပြိုင်ပွဲကနေတဆင့် ပထမ၊ ဒုတိယ ရရှိတဲ့သူတွေက အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲကိုတော့ လာမယ့်ဇူလိုင်လ စင်ကာပူနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီနှစ်ကျင်းပမယ့် အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲဟာ ၁၃ ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ စတုတ္ထအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲ ဖြစ်ပါတယ်။
မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၀ ဖွင့်ပွဲအခမ်းအနားကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။