Homeမြန်မာသတင်း
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များကို လက်နက်ခဲယမ်း ထောက်ပံ့ပေးခြင်းမရှိဟု သမ္မတရှီ ပြော
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များကို လက်နက်ခဲယမ်း ထောက်ပံ့ပေးခြင်းမရှိဟု သမ္မတရှီ ပြော
DVB
·
January 19, 2020
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အများကစွပ်စွဲပြောကြားနေသလို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေခြင်း လုံးဝမရှိဘူးလို့ တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၁၈ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံပွဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတနိုင်ငံ တည်ငြိမ်အေးချမ်းပြီး ဥပဒေနဲ့အညီဖြစ်ဖို့ အစိုးရဲ့ ထိန်းကျောင်းမှုဟာ များစွာအရေးပါပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေသော်လည်း တိုင်းပြည်တိုးတက်မှုမရှိပါက ပြည်သူများက ယုံကြည်နိုင်ရန် ခဲယဉ်းမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံက ဆောင်ရွက်နေသော OBOR စီမံကိန်းများတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ၊ အရင်းနိုင်ငံဖြစ်ပြီး အဖျားနိုင်ငံ မဟုတ်သောကြောင့် ယင်းစီမံကိန်းများအား မြန်မာနိုင်ငံအတွက် အကျိုးရှိစေသော ဆောင်ရွက်ချက်များ ဆောင်ရွက်နိုင်ပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူများ စိတ်ချမ်းသာမှုရရှိကာ ငြိမ်းချမ်းရေးလမ်းကြောင်းအတွက် အထောက်အကူရရှိစေနိုင်ပါကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ကို တိုင်းရင်းသားအားလုံး နားလည်လက်ခံနိုင်ရန် လိုအပ်ပါကြောင်း၊ အဆွေတော် သမ္မတကြီးကလည်း တိုက်တွန်းအားပေးနိုင်ပါရန် မေတ္တာရပ်ခံလိုပါကြောင်း” ပြောကြားခဲ့ပါတယ်။
တရုတ်သမ္မတ ရှိကျင့်ဖျင်က “မိမိတို့အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နှင့်အညီ ကျင့်သုံးလျက်ရှိပြီး အခြားနိုင်ငံ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းကို လက်မခံကြောင်း၊ နောင်တွင် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထိန်းသိမ်းဆောင်ရွက်ရန်၊ မိုင်ပေါင်း ၂၀၀၀ ကျော် နယ်နိမိတ် ထိစပ်လျက်ရှိသဖြင့် နယ်စပ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် အရေးကြီးကြောင်း၊ မည်သည့်အဖွဲ့အစည်းဖြစ်စေ တရုတ်နိုင်ငံပိုင်နက်ကို အသုံးချ၍ မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်ခြင်းမျိုးကို လက်မခံကြောင်း၊ အများက စွပ်စွဲပြောကြားနေသလို မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေခြင်း လုံးဝမရှိကြောင်း၊ အခြားနည်းလမ်းများနှင့် ရရှိနိုင်သည်ဖြစ်၍ မိမိတို့ကလည်း သေချာစွာ စိစစ်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ နယ်ပယ်မှာ မြန်မာနိုင်ငံဘက်ကနေ ဆက်လက်ရပ်တည် ထောက်ခံပေးသွားမယ်လို့လည်း တရုတ်သမ္မတက ပြောကြားခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတတို့ တွေ့ဆုံတာဟာ ၆ ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။