အေးအတူ ပူအမျှ အသိုက်အဝန်း ဖော်ဆောင်ရေး အတိုင်ပင်ခံနှင့်တရုတ်သမ္မတ ဆွေးနွေး
DVB
·
January 18, 2020
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေးနဲ့ အေးအတူ ပူအမျှ အသိုက်အဝန်း ဖော်ဆောင်ရေး ကိစ္စရပ်တွေကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်သမ္မတတို့ ဇန်နဝါရီ ၁၇ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာအစိုးရရဲ့ဖိတ်ကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာ လာရောက်တဲ့ ချစ်ကြည်ရေးခရီးစဉ်ရဲ့ ပထမနေ့က သမ္မတအိမ်တော်မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
အခုလိုဆွေးနွေးရာမှာ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်ဖို့၊ နှစ်နိုင်ငံ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့၊ ပိုးလမ်းမစီမံကိန်း (BRI) ပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပြီးတဲ့အခါမှာတော့ နှစ်နိုင်ငံအကြီးအကဲတွေဟာ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ မှာ ကျင်းပတဲ့ မြန်မာ-တရုတ် သံတမန် ဆက်ဆံရေးနှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားနဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးနှစ် စတင်တဲ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။