ညောင်ပင်သာမြို့တွင် ကျူးကျော်အိမ်များအား ဖယ်ရှားရှင်းလင်း
DVB
·
January 16, 2020
ပဲခူးတိုင်း၊ ဖြူးမြို့နယ် ညောင်ပင်သာ စက်မှုလယ်ယာစိုက်ကွင်းနဲ့ လမ်းဦးစီးပိုင်မြေနေရာ တွေမှာ ကျူးကျော်ဆောက်လုပ်နေတဲ့ အိမ်တွေကို ဒီနေ့မနက် ၉ နာရီလောက်က ဖယ်ရှား ရှင်းလင်းခဲ့ပါတယ်။
လမ်းဦးစီးပိုင်မြေနေရာမှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ အိမ်ပေါင်း ၃၄ လုံးနဲ့ စက်မှုလယ်ယာပိုင်မြေမှာကျူးကျော်ဆောက်လုပ်ထားတဲ့ အိမ်ပေါင်း ၁၆၈ လုံး အိမ်အလုံး စုစုပေါင်း ၂၀၀ ကျော်ကို လမ်းဦးစီးဌာနနဲ့ စက်မှုလယ်ယာဌာနဝန်ထမ်းတွေက ဖယ်ရှားရှင်းလင်းခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၇၀ ကျော်က လုံခြုံရေး ဆောင်ရွက်ခဲ့ပါတယ်။
ဖယ်ရှားရှင်းလင်းတာကို တိုင်းအစိုးရအဖွဲ့ရဲ့ ညွန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
"တိုင်းက ညွှန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာပါ။ တိုင်းအစိုးရအဖွဲ့က မနေ့က ဒီဟာတွေကို ဖယ်ရှားရှင်းလင်းဖို့ ညွှန်ကြားခဲ့တာပါ”လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
ညောင်ပင်သာမြို့အနီးရှိ နေရာတော်တော်များများမှာ ကျူးကျော်သူ ၅၀၀ ဦးခန့်ရှိခဲ့ကာ လက်ရှိမှာ ကျူးကျော်သူ ၁၀၇ ဦးကိုလည်း စက်မှုလယ်ယာဌာနက အမှုဖွင့်တရားစွဲဆိုထားပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)