တိုက်ပွဲများကြောင့် စစ်တွေယာဉ်လိုင်းများ ခရီးသည်မရှိဘဲ အရှုံးပေါ်နေ
ဝဏ္ဏခွာညို
·
January 13, 2020
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် စစ်တွေအခြေစိုက် အဝေးပြေးယာဉ်လိုင်းတချို့ ရပ်နားထားရပြီး ယာဉ်လိုင်းအများစု အရှုံးပေါ်နေတယ်လို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။
တိုက်ပွဲ မကြာခဏဖြစ်ပွားနေလို့ ကားနဲ့ခရီးသွားသူတွေ နည်းပါးလာနေပြီး အခုဆို စစ်တွေ-ရန်ကုန်-မန္တလေးပြေးဆွဲနေတဲ့အဝေးပြေးယာဉ် လိုင်းတွေမှာ ခရီးသည်လိုက်ပါမှု အခြေအနေဟာ ထက်ဝက်မက ကျဆင်းသွားတယ်လို့လည်း ယာဉ်လိုင်း ပိုင်ရှင်တွေက ပြောပါတယ်။
နှစ်တိုင်းလို ဒီလိုပွင့်လင်းရာသီတွေရောက်ရင် ယာဉ်လိုင်းတခုမှာ အဝေးပြေးကား ၃ စီးက နေ လေးစီးအထိ နေ့တိုင်း ပြေးဆွဲရပေမယ့်အခုအချိန်မှာတော့ တနေ့ကိုတစီးနဲ့သာ ပြေးဆွဲနေရပြီး အဲ့ဒီကားမှာလည်း ခရီးသည် ၂၀ လောက်သာပါတယ်လို့ ယာဉ်လိုင်းပိုင်ရှင် တဦးက ပြောပါတယ်။
လက်ရှိ စစ်တွေ- မန္တလေးကိုပြေးဆွဲနေတဲ့ ယာဉ်းလိုင်း ၉ ခုရှိပြီး အမှန်တကယ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၆ ခုသာရှိပါတော့တယ်။ စစ်တွေ-ရန်ကုန်-မန္တလေး-နေပြည်တော်ယာဉ်လိုင်းတွေအပြင် စစ်တွေ-သံတွဲ ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၂၂ ခုရှိပါတယ်။
မိုးကောင်းကင် (ရန်ကုန်-စစ်တွေ)၊ ရွှေငပလီ(စစ်တွေ-သံတွဲ)နဲ့ရိုးမရာဇာ(သံတွဲ-စစ်တွေ) အဝေးပြေးယာဉ်လိုင်းတွေကတော့ ရပ်နားထားရပါတယ်။
ဒါ့အပြင် မင်းပြားမြို့ရာမောင်တံတတား ဇက်ကူးယာဉ် ၃ စီးအနက် ၂ စီးနဲ့သာ ကူးဖြတ်နေရတာကြောင့် ခရီးစဉ်ကြန့်ကြာနေရတဲ့ ကိစ္စကို သက်ဆိုင်ရာက အမြန်ဆုံးဆောင်ရွက်ပေးဖို့ကိုလည်း ခရီးသည်တွေနဲ့ ယာဉ်ပိုင်ရှင်တွေ တောင်းဆို ကြပါတယ်။