လပွတ္တာမြို့ ကားဂိတ်နားနေဆောင်တွင် အိပ်ပျော်နေသည့် အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံရ
DVB
·
January 10, 2020
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့မှာ ထက်ဦးကားဂိတ် နားနေဆောင်အတွင်း အိပ်ပျော်နေတဲ့ အမျိုးသမီးအား လက်မှတ်ရောင်းချသူက အလိုမတူဘဲ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ လပွတ္တာရဲစခန်းက သိရပါတယ်။
ဖြစ်စဉ်မှာ လပွတ္တာမြို့နယ်နေ မ _______ အသက် ၂၅ နှစ်ဟာ ဇန်နဝါရီ ၈ ရက်မနက်ပိုင်းက ထက်ဦးအငှား မော်တော်ယာဉ်အမှတ် YGN / 2 P 3049 နဲ့ ရန်ကုန်မြို့ကနေ လပွတ္တာမြို့ကို ထွက်ခွာခဲ့ရာ ညနေ ၃ နာရီ အချိန်လောက်မှာ အမှတ် ၆ ရပ်ကွက် ဘုရားလမ်းရှိ ထက်ဦးမော်တော်ယာဉ်ကားဂိတ်ကို ရောက်ရှိလာခဲ့ကြောင်း၊ မိမိနေထိုင်တဲ့ ဘိုကုန်းကျေးရွာပြန်ဖို့ လိုင်းသင်္ဘောမရှိတော့တာကြောင့် ထက်ဦးကာဂိတ်ရှိ ဧည့်သည်နားနေဆောင်မှာ တဦးတည်းအိပ်ခဲ့ရာ ည ၁၀ နာရီအချိန်လောက် အိပ်ပျော်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ ထက်ဦးကားဂိတ်က ကားလက်မှတ်ရောင်းချတဲ့ ကျော်နိုင်ထူးက ဦးခေါင်းအား လက်နဲ့ လာပွတ်တာကြောင့် လန့်နိုးသွားကြောင်း၊ ဒီနောက် သူမအား “ မအော်နှင့် အော်ရင်သတ်ပစ်မည်” ဟု ခြိမ်ခြောက် ပြောဆိုပြီး ၁၅ မိနစ်ခန့် အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း လပွတ္တာမြို့မရဲစခန်းက သိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသမီးတဦးအား အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့ ကျော်နိုင်ထူးအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ လပွတ္တာမြို့မစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ကျော်စိုးမိုး