Home
မြန်မာသတင်း
မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ သပိတ်မှောက်မှု ပြန်လည်စတင်
Aung Aung Naing
·
January 9, 2020
မန္တလေးတက္ကသိုလ်ဝင်းအတွင်းမှာ Food Court တည်ဆောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အရေးယူတာ မရှိသေးတာကြောင့် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်စခန်းကို ယာယီရပ်နားထားရာကနေ ဇန်နဝါရီ ၉ ရက်နေ့က သပိတ်မှောက်မှု ပြန်လည်စတင်ခဲ့ကြပါတယ်။ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဝေယံထက်က “မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက သပိတ်မှောက်ထားတာ ၄ လကျော် ကြာသွားပြီ။ ၄ လကျော်ဆိုတဲ့ အတိုင်းအတာမှာ စုံစမ်းစစ်ဆေးမှုတွေရော ပြီးရင် အပြစ်ရှိတဲ့သူတွေကို ဘယ်လို အရေးယူမလဲ စတဲ့ ဆုံးဖြတ်ချက် အပြီးသတ်ချဖို့ အချိန်ရောက်ပြီ။ ဒါပေမဲ့ အခုထိ ပါမောပက္ခချုပ်ကို ပညာရေး ဝန်ကြီးဌာနက အကာအကွယ်ပေးနေတဲ့သဘော ဖြစ်နေတယ်။ ဒီ ၄ လအတွင်းမှာလည်း ပါချုပ် အနေနဲ့ စီမံခန့်ခွဲခွင့် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိနေတယ်။ ဒါကြောင့် မှတ်တမ်းမှတ်ရာ ဖျောက်ဖျက်တာတွေ စာရင်းဇယာတွေ ပြင်တာဖျက်တာတွေ ရှိနိုင်တာကြောင့် အမြန်ဆုံးစုံစမ်း စစ်ဆေးမှု ရလဒ်ကို ထုတ်ပြန်ပေးဖို့ တောင်းဆိုပြီး သပိတ်တိုက်ပွဲကို ပြန်လည်စတင်တာ ဖြစ်တယ်” လို့ ပြောပါတယ်။ အခုလို ပြန်လည်သပိတ်မှောက်နိုင်ဖို့ ကျောင်းသားထုအစည်းအဝေးကို ဇန်နဝါရီ ၇ ရက်နေ့ ညနေပိုင်းက ကျောင်းသားသမဂ္ဂရုံးခန်းမှာ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီလ ၉ ရက်နေ့မှာ သပိတ်စခန်းကို ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ်ဝင်းအတွင်းမှာ Food Court တည်ဆောက်တာနဲ့ ပတ်သက်ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂက စက်တင်ဘာ ၂ ရက်နေ့ကစ တင်ကာ စက်တင်ဘာ ၈ ရက်နေ့အထိ ပင်မဆောင်ရှေ့မှာ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ Food Court တည်ဆောက်တဲ့ ကိစ္စကို စစ်ဆေးနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့က စက်တင်ဘာလ ၇ ရက်၊ ၈ ရက်နေ့တွေမှာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်နဲ့အတူ တာဝန်ရှိသူတွေက မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့တို့က တာဝန်ရှိသူကျောင်းသားကျောင်းသူများကို စစ်ဆေးခဲ့ပြီးဖြစ်ပေမယ့် ၄ လကျော်ကြာတဲ့အထိ အရေးယူအပြစ်ပေးချင်းမရှိတာကြောင့် သပိတ်စခန်းပြန်လည်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ယင်းသို့စစ်ဆေးနေစဉ်ကာလအတွင်း စက်တင်ဘာလ ၈ ရက်နေ့ညပိုင်းမှ စတင်ကာ သပိတ်မှောက်မှုကို ခေတ္တရပ်နားထားခဲ့ပါတယ်။ ယင်းကျောင်းသားသမဂ္ဂအဖွဲ့ဝင်များသည် နိုင်ငံတော်သမ္မတညွှန်ကြားချက်နှင့် တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား အမြန်ဆုံးအယူပေးရေး မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ် အလိုမရှိ ပညာရေးဝန်ကြီးဌာန၏ အချိန်ဆွဲ၍ဘက်လိုက်သော စုံစမ်းစစ်ဆေးမူအား အလိုမရှိ မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေး အပြီးသတ်ရလဒ်အား အမြန်ဆုံးထုတ်ပြန်ပေးရေးစတဲ့ တောင်းဆိုချက်များနဲ့ သပိတ်တိုက်ပွဲကို ပင်မဆောင်ရှေ့မှာ သပိတ်စခန်းပြန်လည်ဖွင့်ပြီး ဆက်လိုက်လက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ Food Courtကို သြဂုတ်လပထမပတ်အတွင်းက ဖွင့်လှစ်ဖို့ ရှိခဲ့ပေမယ့် သပိတ်မှောက် ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024