စစ်ဘေးရှောင် အရှိုချင်းတိုင်းရင်းသားများ စားဝတ်နေရေးနှင့် ဆေးဝါး အကူအညီ လိုအပ်နေ
မင်းညို
·
January 9, 2020
တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် အမ်းမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ အရှိုချင်းတိုင်းရင်းသားတွေအတွက် စားဝတ်နေရေးနဲ့ဆေးဝါးတွေ အကူအညီတွေ လိုအပ်နေပါ တယ်။
အခုရက်ပိုင်းတွေမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ခ ရခိုင်ပြည်နယ် အမ်းမြို့နယ်ပတ်ဝန်းကျင် ကျေးရွာတွေက အရှိုချင်းတိုင်းရင်းသားတွေ၊ အမ်းမြို့ကို အစုလိုက်အပြုံလိုက် ရောက်ရှိနေကြပြီး ဒေသခံအရှိုချင်းတွေကလည်း ကိုယ်ထူကိုယ်ထ ကူညီနေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ အရှိုချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ထံက သိရပါတယ်။
အရှို(ချင်း) အမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကိုဆလိုင်းကြီးက “သူတို့အများစုက မဲလက်မောင်း၊ အရိုးတောင်၊ ဒါးလက်၊ ရွာဟောင်းကျေးရွာတွေက ဖြစ်ကြပြီး လူဦးရေ ၈၁ ယောက်ဖြစ်နေပါပြီ။ အဲဒီအထဲမှာ ကလေးငယ်တွေက သုံးပုံတပုံလောက် ပါပါတယ်။ မနေ့ကတော့ ထွေအုပ်ကိုစာတင်ထားတာ ထွေအုပ်က တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်လို့ စစ်ဘေးရှောင်မှာ ထားမပေးနိုင်ဘူးလို့ ပြောတာပဲ။ ဒါပေမဲ့ သူတို့ကတော့ မပြန်ရဲတော့ဘူး။ ဒီမှာပဲ ထားတဲ့နေရာမှာနေပါ့မယ် မပြန်ရဲဘူးလို့ပဲ ပြောနေကြတယ်” လို့ ပြောပါတယ်။
ရွာဟောင်းက အမည်မဖော်လိုသူ အမျိုးသမီးတယောက်က “ကျမတို့ ရွာမပြန်တော့ဘူး။ ရွာမှာက သစ်တွေ၊ ဝါးတွေ ခုပ်ရင်လည်း ဝယ်မယ့်သူမရှိ၊ ရေလမ်းကားလမ်းတွေကလည်း ပိတ်ထား၊ အလုပ်ကလည်း လုပ်စရာ ဘာမှ မရှိဘူး။ စားစရာလည်း မရှိကြတော့ဘူး။ သူတို့ကို ကြောက်နေရတာကလည်း တဒုက္ခ။ အခုဆိုရင် ကလေးတွေလည်း ကျောင်းမတက်ခိုင်းတော့ဘူး။ သူတို့အတွက်လည်း ရန်ပုံငွေတွေ၊ ဆန်တွေလည်း ထည့်ပေးနေရတာ၊ နောက်မထည့်နိုင်ရင် မလွယ်လောက်ဘူး။ ကျမတို့ကတော့ မပြန်တော့ဘူး သူတို့ကလည်း နင်တို့ အဲဒီကိုသွားလို့ပြန်လာရင် နင်တို့ကို အရည်ဖျော်ပြီးသောက်မယ်တဲ့၊ ကျမတို့ လုံးဝ မပြန်တော့ဘူး။ ဒီမှာ အိမ်လေးဘာလေးတော့ လိုချင်တယ်။ ဟိုမှာတော့ ခြံဝိုင်းထားခဲ့ရတယ်”လို့ ပြောပါတယ်။
အဲဒီ ရွာဟောင်းကျေးရွာမှာ အရှိုချင်းတိုင်းရင်းသားအိမ်ခြေ ၂၀၀ လောက်ရှိပြီး ၁၃၀ ကျော်လောက်က ရွာကိုစွန့်ပြီး နေရာအသီသီးထွက်သွားကြပြီလို့ပြောပါတယ်။
အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်က ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဘုန်ဘွေကို ဒီဗွီဘီက ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
အခုလောလောဆယ်တော့ သူတို့ကို အရှိုချင်းယဉ်အမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ရုံးမှာ ယာယီနေရာချထားပေးပြီး စားဝတ်နေရေးကို အလှူခံပြီး အကူအညီပေးထားပါတယ်။ ဒီကိစ္စ အတွက် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးကိုလည်း ဇန်နဝါရီ ၈ ရက်နေ့က အကြောင်းကြား ထားကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်ထဲက တောင်ဂုတ်၊ သံတွဲ၊ ဂွ၊ မင်းပြား၊ မြေပုံ၊ အမ်း၊ မာန်အောင်၊ မအီ၊ ကျောက်ဖြူ စတဲ့မြို့နယ် ၁၀ ခု မှာအရှိုချင်းတိုင်းရင်းသား ၈ သောင်းကျော် ပျံ့နှံ့နေထိုင်ကြတယ်လို့ အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုစာရင်းတွေအရ သိရပါတယ်။
မင်းညို