ညောင်တုန်းမြို့ ကမ်းနား တာ ၉ ပေခန့်နိမ့်ကျသွားသဖြင့် ဒေသခံများစိုးရိမ်နေ
DVB
·
January 9, 2020
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်မှာရှိတဲ့ ၂၁ လမ်းနဲ့ ၂၂ လမ်းမှာရှိတဲ့ ကမ်းနားတာဟာ ဇန်နဝါရီ ၇ ရက်နေ့က စတင်ကာ နိမ့်ကျမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကမ်းနားတာဟာ အနီးဝန်ကျင်တဝိုက် မြေအက်ကြောင်းများဖြစ်ပေါ်ပြီး ၉ ပေခန့် နိမ့်ကျသွားတာကြောင့် လူနေအိမ် ၉ လုံးနဲ့ မူလတန်းကျောင်း တကျောင်းကို သွန်းဘုရားကြီးဝန်း အတွင်းကို ပြောင်းရွှေေပေးခဲ့ရတယ်လို့ ညောင်တုန်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးမှူးရုံးက ဦးစီး ကိုကျော်ကျော်ဝင်းစံက ဒီဗွီဘီကိုပြောပါတယ်။
"မနေ့က သွားကြည်တော့ အခြေအနေတော်တော်ဆိုးတယ်၊ တာကြီးက အက်ပြီး ၉ ပေလောက် နိမ့်ကျသွားတာ၊ ကျနော်တို့ ဌာနဆိုင်ရာက တာဝန်ရှိသူတွေ အကုန်ရောက်ပါတယ်၊ ရွှေ့ ပြောင်းတာတွေ ကူလုပ်ပေးခဲ့ပါတယ်။”
ကမ်းနားတာ အက်ကြောင်းများဖြစ်ပေါ်ပြီး နိမ့်ကျလာတာကြောင့် ပိုဆိုးလာရင် ဘေးလွင်းတဲ့နေရာကို အိမ်ဖျက်ပြီး ပြောင်းရတော့မယ်လို့ ကမ်းနားတာဘေးနေတဲ့ ဒေါ်မြအေးက ပြောပါတယ်။
"မနက်ကတည်းက ဖြစ်တာ၊ အဒေါ်တို့တွေ တက်ကြည့်နေတာ။ စဖြစ်တုန်းက ၁ ပေလောက်ပဲ အက်တာ၊ ကြည့်နေရင်းနဲ့ ထပ်ပြီးပဲ့ကျလာလို့ ဆင်းပြေးရသေးတယ်၊ ဒီထက်ပိုဆိုးလာရင်တော့ တခြားနေရာ ပြောင်းနေရတော့မယ်။”
နိမ့်ကျသွားတဲ့ ကမ်းနားတာကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနက တိုင်းအဆင့်ညွှန်ကြားရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တာဝန်ရှိတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများက ဇန်နဝါရီလ ၈ ရက်နေ့က လာရောက်စစ်ဆေးခဲ့တယ်လို သိရပါတယ်။
"မနေ့ကထိကတော့ စာသင်ကျောင်း ၁ ကျောင်းရွှေ့ပြောင်းထားရတယ်။ နေအိမ် ၉ လုံးလောက်ကို စောင့်ကြည့်နေရတယ်။ ၂၀၁၉ - ၂၀၂၀ ဘတ်ဂျက်တွင် မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်အတွက် ဘတ်ဂျက်ပါရှိသော်လည်း ပေအကန့်အသတ်နဲ့သာရရှိတာကြောင့် ခုလို့ အရေးပေါ်အခြေအနေအတွက် မြစ်ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စုအဆင့် ကို တင်ပြတောင်းခံတာတွေ လုပ်ဆောင်သွားမယ်”လို့ ညောင်တုန်းမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ဒီဗွီဘီကိုပြောပါတယ်။
အလားတူဖြစ်စဉ်မျိုး ၂၀၁၄ ခုနှစ်က ၁၂ လမ်း ကမ်းနားမှာ ၁ ကြိမ်နဲ့ ၂၀၁၆ ခုနှစ်က ၂၀ လမ်း ကမ်းနားမှာ ၁ ကြိမ်ဖြစ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ညောင်တုန်းမြို့နယ်ရှိ ကျေးရွာတွေမှာ မြစ်ကမ်းပါးပြိုကျမှု ၄ ကြိမ်အထိ ရှိခဲ့ပြီး ကမ်းပြိုကျမှုကြောင့် နေအိမ် ၁ လုံးပျက်စီးခဲ့ကာ နေအိမ် ၅ လုံးဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ညောင်တုန်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့် ခွဲမှုဦးစီးမှူးရုံးမှ သိရပါတယ်။
မင်းထက်မုန်း