ဖားကန့် လုံးခင်း ရတနာနယ်မြေ ကွင်းဆင်းစစ်ဆေးမှု အစီရင်ခံစာ ထုတ်ပြန်မည်
DVB
·
January 9, 2020
ကချင်ပြည်နယ် ဖားကန့် လုံးခင်း ရတနာနယ်မြေကို အမျိုးသားလွှတ်တော်အဆင့် စိစစ်ရေးကော်မတီက ပထမဆုံးအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့မှု ပြီးစီးသွားပြီဖြစ်ပြီး အကောင်းဆုံး အစီရင်ခံစာ ထုတ်ပြန်သွားမယ်လို့ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ပြောပါတယ်။
အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေး ကော်မတီဟာ ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဖားကန့်-လုံးခင်း ရတနာနယ်မြေကို ဇန်နဝါရီ ခြောက်ရက်နေ့ကတည်းက သွားရောက်စစ်ဆေးခဲ့တာပါ။
ဒီအဖွဲ့မှာ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေ အပါအဝင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်ဆွေ နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦးပါဝင်ပါတယ်။
ဒီခရီးစဉ်မှာ အကောင်းဆုံး အစီရင်ခံစာ ထုတ်ပြန်သွားနိုင်ဖို့ မျှော်လင့်တယ်လို့ စိစစ်ရေး ကော်မတီ ဥက္ကဌ ဦးသိမ်းဆွေက ဆိုပါတယ်။
ကော်မတီဟာ ဖားကန့် လုံးခင်း ရတနာနယ်မြေရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေ၊ စုပေါင်း စွန့်ပစ်မြေစာပုံတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မှုတွေ၊ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောက်ရွက်မှုတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့အတူ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပါတယ် ။
ဖားကန့်-လုံးခင်းရတနာနယ်မြေက ငိုပင်းမှော်၊ နမ့်မှော်၊ မက်လင်ချောင်၊ ဝေခါမှော်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွေကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
သက်ဆိုင်အစိုးရဌာနတွေ၊ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေ၊ ရပ်မိရပ်ဖတွေ၊ ဒေသခံတွေပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။