သပိတ်မှောက်ကန်ကြီးထောင့် အလုပ်သမားများကို ၃ ရက်အတွင်း အဖြေပေးည်ဟု ဝန်ကြီး ကတိပေး
DVB
·
January 6, 2020
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ အလုပ်သမားအခွင့်အရေးရရှိဖို့အတွက် သပိတ်မှောက်နေတဲ့ ဟွာမှုန်အထည်ချုပ်စက်ရုံအလုပ်သမားတွေကို ၃ ရက်အတွင်း ထူးခြားတဲ့ အဖြေပေးမယ်လို့ တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်က အလုပ်သမားတွေကို ကတိပေးလိုက်ပါတယ်။
ဇန်နဝါရီ ၅ ရက်နေ့ နေ့လယ်ပိုင်းက သပိတ်မှောက်အလုပ်သမားတွေ တိုင်းအစိုးရအဖွဲ့ရုံးရှေ့ ဝန်ကြီးချုပ်နဲ့တွေ့ဆုံဖို့ လာရောက်တောင်းဆိုခဲ့တာကို အစိုးရအဖွဲ့ ဝန်ကြီး ၃ ဦးက လက်ခံတွေ့ဆုံခဲ့ပြီး ပြန်ထွက်လာချိန်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်က မီဒီယာတွေကို ပြောဆိုခဲ့တာပါ။
လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးက ဇန်နဝါရီ ၈ ရက်နေ့မှာ သတင်းထူးပေးမယ် ပြောတဲ့အတွက် သပိတ်စခန်းကပြန်စောင့်နေမှာဖြစ်ပြီး ၈ ရက်နေ့မှာ အဆင်ပြေရင် တရားဝင်တွေ့ဆုံတာတွေလုပ်ပြီး စာချုပ်ချုပ်ဆိုသွားမယ်လို့ သပိတ်မှောက်အလုပ်သမားတွေရဲ့ ကိုယ်စားလှယ် ဒေါ်ခခက ဒီဗွီဘီကိုပြောတယ်။
ဒီဇင်ဘာ ၉ ရက်နေ့က စတင်သပိတ်မှောက်ခဲ့တဲ့ အလုပ်သမားသပိတ်ဟာ ဧရာဝတီတိုင်းမှာ ရက်အရှည်ကြာဆုံး သပိတ်ဖြစ်လာခဲ့ပြီး အစိုးရတာဝန်ရှိသူတွေက တွေ့ဆုံညှိနှိုင်းမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ခုချိန်ထိ ပြေလည်မှုမရရှိသေးပါဘူး။
အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ထားတဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ တောင်းဆိုချက်တွေကို စက်ရုံပိုင်ရှင်က မလိုက်နာတာ၊ အလုပ်သမားတွေ တောင်းဆိုခဲ့တဲ့ အကျိုးစီးပွားဆိုင်ရာ အချက် ၈ ချက်နဲ့ပတ်သက်ပြီး အလုပ်သမား ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် ကန်ကြီးထောင့်အလုပ်သမားတွေ ဆန္ဒပြနေတာ တလလောက်ရှိပြီဖြစ်ပြီး မနေ့ကတော့ ဝန်ကြီးချု်ပနဲ့ တွေ့ဆုံခွင့်ရရေး အစိုးရရုံးရှေ့ လာရောက်တောင်းဆိုခဲ့ကြတာပါ။
မင်းထက်မုန်း (ပုသိမ်)