ကားပါမစ်ကိစ္စ ပို့/ဆက်ဝန်ကြီးဌာနသို့ တရားဝင်စာမပို့သေးဟု ဒုညွှန်ကြားရေးမှူးချုပ်ပြော
DVB
·
January 6, 2020
ညွှန်ကြားရေးမှူးချုပ်နဲ့အထက်ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံဝန်ထမ်းတွေကို ကားပါမစ်ချပေးမယ်ဆိုတဲ့ တရားဝင်စာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကို လက်ရှိအချိန်အထိ မပို့သေးဘူးလို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်အောင်က ပြောပါတယ်။
ညွှန်ကြားရေးမှူးချုပ်နဲ့ အထက် ပြည်သူ့ဝန်ထမ်းတွေနဲ့နိုင်ငံဝန်ထမ်းတွေအတွက် အခွန်ကင်းလွတ်ခွင့်ရမယ့် ကားတင်သွင်းခွင့်ပေးဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ဇန်နဝါရီ ၂ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ညွှန်ကြားချက်တစောင် ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ပထမအသုတ်အနေနဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့အထက် ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံဝန်ထမ်းတွေအတွက် မော်တော်ယာဉ်တင်သွင်းခွင့်နဲ့ပတ်သက်လို့ လျှောက်လွှာတွေကို ဇန်နဝါရီ ၈ ရက်နေ့အရောက်ပို့ပေးဖို့နဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ လျှောက်ထားဖို့ ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကို ရုံးပိတ်ရက်မတိုင်ခင်သောကြာနေ့အထိ တရားဝင်ပေးပို့လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
“ကျနော်သိသလောက်တော့ ရုံးဖွင့်မှပဲ သိမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ တရားဝင်မပို့သေးဘူး။ သောကြာနေ့အထိကတော့လေ။့ ပြီးခဲ့တဲ့အပတ်ရုံးပိတ်ချိန်က မေးကြည့်တာကတော့” လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်အောင်က ပြောပါတယ်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့အထက် ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပေးမယ်ဆိုတာ လူမှုကွန်ရက်တွေမှာ တွေ့တာကြောင့်သာ သိရှိရပြီး ဟုတ်မဟုတ်ဆိုတာ တရားဝင်မသိသေးဘူးလို့ ပြောပါတယ်
ပြည်သူ့ဝန်ထမ်းတွေနဲ့နိုင်ငံ့ဝန်ထမ်းတွေအား ကားတင်သွင်းခွင့်ကို ဒုတိယအသုတ်အနေနဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ ဝန်ထမ်းတွေကို ဆက်လက်ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားတာပါ။