နှစ်စဉ် မိုးရာသီရောက်တိုင်း ရေနစ်မြုပ်သည့် ဥရုချောင်းကို စတင်ရှင်းလင်း
DVB
·
January 6, 2020
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဥရုချောင်းပိတ်ဆို့တာကြောင့် မိုးရာသီရောက်တိုင်း နှစ်စဉ်ရေနစ်မြုပ်မှု ကြုံတွေ့နေရတဲ့အတွက် ဇန်နဝါရီ ၅ ရက်နေ့က ဥရုချောင်းရှင်းလင်းရေး စတင်ပြုလုပ်ခဲ့ကြပါတယ်။
ဥရုချောင်း ရှင်းလင်းရေးကို ၁၇ ဖွဲ့ပါအဖွဲ့ အဖွဲ့စည်းပြီး ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးပြီး ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) အပါအဝင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေ၊ စည်ပင်ဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ထားသူတွေနဲ့ ရပ်မိရပ်ဖတွေ ပါဝင်ရှင်းလင်းခဲ့ကြတာပါ။
ချောင်းရှင်းလင်းရေးလုပ်ငန်းစဉ်ကို ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီတွေက စက်ယန္တရားနဲ့ လောင်စာဆီတွေကို ကူညီတာဖြစ်ပြီး ရှင်းလင်းချိန် သုံးလအတွင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဆိုပါအဖွဲ့ဟာ ဥရုချောင်းတလျှောက်ပိတ်ဆို့နေတဲ့ နေရာ ၁၆ ခုနဲ့ ချောင်းလက်တက် ၃ ခု စုစုပေါင်း ၁၉ ခုကို ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။ ချောင်းရှင်းလင်းရေး လုပ်ဆောင်မဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ကိုတင်ပြပြီး CSR ရန်ပုံငွေ တောင်းခံသွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဥရုချောင်းရှင်းလင်းမှု လုပ်ငန်းစဉ်တွေကို နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်ခဲ့ပေမဲ့ ရေကြီးရေလျှံမှု ဖြစ်ပွားနေမြဲ ဖြစ်တာကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းအပါအဝင် အစိုးရဌာနနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ထားသူတွေပါ ပါဝင်တဲ့အဖွဲ့ကို ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။
ဖားကန့်ဒေသမှာ ဥရုချောင်းပိတ်ဆိုမှုကြောင့် မိုးရာသီရောက်တိုင်း ရေနစ်မြုပ်ခံခဲ့တာ ဆယ်စုတခုကျော်ခဲ့ပြီ ဖြစ်ပါတယ်။
ဇော်မိုးထက် (ဖားကန့် )