ယောချောင်းရေတက်၍ ပေါက်မြို့နယ်ရှိ ကြက်သွန်ခင်းများ ရေမြုပ်
DVB
·
January 5, 2020
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ယောချောင်းတလျှောက်စိုက်ပျိုးထားတဲ့ ကြက်သွန်ခင်းတွေဟာ ဒီနေ့မနက်ပိုင်း ယောချောင်းရေတက်လာပြီး ရေနစ်မြုပ်ခဲ့တယ်လို့ ဒေသခံ တောင်သူတွေ ပြောပါတယ်။
ပေါက်မြို့နယ် လက်ပံလှကျေးရွာနေ ကြက်သွန်စိုက်တောင်သူ ကိုအောင်မင်းစိုးက “ဒီမိုးနဲ့ကတော့ အကုန်ပျက်တော့မှာပါ။ အကုန်လုံးစိုက်ပြီးကုန်ပြီ၊။ ချောင်းအထက်ပိုင်းက တဦးတလေပဲ ကျန်တာ။ ကျနော်ကတော့ ကုန်းနဲ့ချောင်း မျှလုပ်တာ။ ချောင်းက ၂၅ ကျင်းစာတော့ ပါသွားပြီ။ ဆုံးရှုံးမှု နှစ်သိန်းခွဲလောက်ရှိတယ်။ ရွာအနေနဲ့ကတော့ စိုက်ပျိုးသူ ၁၀၀ လောက်ကို အားလုံးနီးပါး ပါသွားပြီ” လို့ ပြောပါတယ်။
ဒီနေ့အထိ မိုးက အနည်းငယ်ရွာနေပြီး ချင်းပြည်နယ်ဘက် မိုးရွာသွန်းတာကြောင့် လက်ပံလှ၊ လယ်ယာ၊ တံစူး၊ ကိုင်းမ၊ သက္ကကျင်း၊ ဘို့မယ်၊ ဝန်ချုး ၊ပင်တောင်၊ ကျောက္ကာ၊တပ်ကုန်း၊ ချောင်းနားစတဲ့ ကျေးရွာတွေနဲ့ ယောချောင်းတလျှောက်က ပေါက်မြို့နယ်တောင်းပိုင်းက ရွာတွေ လည်း ထိခိုက်မှုရှိတယ်လို့ သူက ဆက်ပြောပါတယ်။
မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းကတော့ ခါတိုင်းလည်း ချင်းပြည်နယ်ဘက် မိုးကောင်းရင် ထိခိုက်တာ ရှိနေတတ်ကြောင်း၊ ကြက်သွန်စျေးက ပြီးခဲ့တဲ့နှစ်က ကောင်းလိုက်တဲ့အတွက် ချောင်းထဲအထိ လိုက်စိုက်တော့ မထင်မှတ်ဘဲ မိုးရွာရင် အနည်းနဲ့အများ ပျက်စီးနိုင်ကြောင်း ပြောပါတယ်။
“ပျက်စီးမှုတော့မတက်သေးပါဘူး။ တကယ်လို့ များများစားစား ပျက်စီးမယ်ဆိုရင်တော့ တောင်သူ အကျိုးစီးပွားကာကွယ်ပေးရေးဥပဒေအရတော့ တောင်သူအခွင့်အရေးအတွက် တင်ပြဆောင်ရွက်ပေးသွားမှာပါ” လို့ သူက ပြောပါတယ်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလကလည်း အဲဒီကျေးရွာတွေမှာ အချိန်အခါမဟုတ် မိုးရွာပြီး ချောင်းရေတက်လာလို့ ကြက်သွန်ခင်းအများအပြား နစ်မြုပ်ပျက်စီးခဲ့ပါတယ်။
ကိုလင်း(ချောက်)