ပဲခူးမြို့တွင် တရားရုံးထုတ်အချုပ်သားထံမှ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
January 3, 2020
ပဲခူးအကျဉ်းထောင်ကနေ ပဲခူးမြို့နယ် တရားရုံးကို အမှုရင်ဆိုင်ဖို့ ရုံးထုတ်လာတဲ့ အချုပ်သားထံက WY မူးယစ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ဇန်နဝါရီ ၂ ရက်နေ့ နေ့လယ် ၁ နာရီလောက်က ပဲခူးအကျဉ်းထောင်ကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉ နဲ့အမှုရင်ဆိုင်ဖို့လာတဲ့ ပိုင်သက်(ခ) အောင်ငွေစန်း၊ ရာဇသက်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ တရားရင်ဆိုင်ဖို့လာတဲ့ မင်းခန့်ကျော်တို့ ၂ ဦးဟာ အိမ်သာသွားလိုတဲ့အတွက် ပဲခူးမြို့နယ်တရားရုံးနောက်မှာရှိတဲ့ အိမ်သာကို ရဲတပ်သား ၄ ဦးက လုံခြုံရေးရယူပြီး လိုက်ပို့ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။
အဲဒီအိမ်သာကအပြန် တရားရုံးအချုပ်ခန်းထဲကို ပြန်ထည့်ထားဖို့အတွက် သူတို့ ၂ ဦးရဲ့ခန္ဓာကိုယ်တွေကို စစ်ဆေးတဲ့အခါ ပိုင်သက်(ခ) အောင်ငွေစန်းရဲ့ ပုဆိုးခါးပုံစအတွင်းက WY စာတန်းပါ အညိုရောင်စိတ်ကြွဆေးပြား ၂၈ ပြားကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး အချုပ်သား ပိုင်သက်(ခ) အောင်ငွေစန်းအား စစ်ဆေးမေးမြန်းရာ ဧည့်တွေ့လာတဲ့ ပဲခူးမြို့ကလျာဏီ ၄ ရပ်ကွက် ပေ၂၀ တန်းမှာနေတဲ့ ဟိန်းထက်ဆိုသူထံက ရရှိကြောင်း ပြောပြတဲ့အတွက် အဲဒီဟိန်းထက်ကို လိုက်လံရှာဖွေရာ တရားရုံးဝန်းအတွင်းမှာပဲ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို မူးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိသူ ပိုင်သက်(ခ) အောင်ငွေစန်း နဲ့ ဟိန်းထက်တို့ ၂ ဦးကို ပဲခူးမြို့မရဲစခန်းက မယ(ပ)၁/၂၀၂၀၊ မူးစိတ်ပုဒ်မ ၁၆(ဂ) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
အောင်စိုးမိုး