ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက်ပူးပေါင်းပါဝင်ကြရန် သမ္မတပန်ကြား
DVB
·
January 1, 2020
နိုင်ငံတော် အစိုးရရဲ့ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ သမ္မတ ဦးဝင်းမြင့်က ပန်ကြားလိုက်ပါတယ်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားပြောကြားရာမှာ နိုင်ငံတော် သမ္မတက တိုက်တွန်းပန်ကြားလိုက်တာပါ။
အစိုးရအနေနဲ့ ရေရှည်တည်တံ့တဲ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းသာယာဝပြော တိုးတက်မှုတွေနဲ့အတူ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ဘဝ သာယာချမ်းမြေ့ပျော်ရွှင်နိုင်အောင် ကောင်းမွန်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ လုပ်ငန်းစဉ်တွေချမှတ် ကြိုးပမ်းနေတယ်၊ တိုင်းရင်းသားပြည်သူ အားလုံး ကာလရှည်ကြာ မျှော်လင့်တောင့်တခဲ့ရတဲ့ တန်းတူအခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုအာမခံချက်ပေးနိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ပေါက်ထွန်းလာရေး ကြိုးပမ်းအားထုတ်နေတယ်လို့ လည်း ပြောပါတယ်။
ဒီကနေ့ နိုင်ငံတော်မှာ အကြောင်းကြောင်းကြောင့် တွေ့ဆုံရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေ စိန်ခေါ်မှုတွေကိုလည်း အမှန်တရား၊ တရားမျှတမှုနဲ့ ရိုးသားပွင့်လင်းမှု လက်ကိုင်ထားပြီး ဖြေရှင်းကျော်လွှားသွားမယ်လို့ ယုံကြည်ကြောင်းလည်း သမ္မတကပြောသွားပါတယ်။
အလားတူ ဒုသမ္မတ (၁) ဦးမြင့်ဆွေကလည်း အားလုံးမျှော်လင့်တောင့်တနေကြတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရရှိပြီး သာယာဝပြောတဲ့ နိုင်ငံတော်ဖြစ်ဖို့ နှစ်သစ်ဆုတောင်း အမှာစကားပြောကြားထားပါတယ်။
ဒုသမ္မတ (၂) ဦးဟင်နရီဗင်ထီးယူကတော့ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားအဖြစ် နှစ်ဟောင်းရဲ့ အတွေ့အကြုံတွေကို အခြေခံကာ ပြည်ထောင်စုတိုင်းရင်းသား သွေးချင်းတွေ အချင်းချင်း အပြန်အလှန် လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုတွေနဲ့အတူ နှစ်သစ်မှာ ကြုံတွေ့ ရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားရင်ဆိုင်ဖြတ်သန်းပြီး အခွင့်အလမ်းကောင်းတွေကို ရယူပိုင် ဆိုင်ကြဖို့ ဆုတောင်းပေးလိုက်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုကြီးရဲ့ ရှေ့ခရီး အနာဂတ်ဟာ တိုင်းရင်းသားပြည်သူတွေအားလုံးရဲ့ လုပ်ဆောင်မှုတွေ အပေါ်မူတည်နေမှာ ဖြစ်လို့ နိုင်ငံတော်ရဲ့အကျိုး တိုင်းရင်းသားလူမျိုးအားလုံးရဲ့ ဂုဏ်သိက္ခာတို့ကို ဆတက်ထမ်းပိုး တိုးမြှင့်သယ်ပိုးကြဖို့လည်း တိုက်တွန်းသွားပါတယ်။