YBS ယာဉ်ဟောင်းများ ပြောင်းလဲသင့်နေပြီဟု ပိုင်ရှင်များကို ဝန်ကြီးချုပ် သတိပေး
DVB
·
December 29, 2019
YBS မှာ ကားအဟောင်းတွေနဲ့ ပြေးဆွဲတာတွေကို နောက်ပိုင်း ခွင့်ပြုတော့မှာ မဟုတ်တဲ့ အတွက် ပိုင်ရှင်တွေအနေနဲ့ ပြောင်းလဲသင့်နေပြီလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတိပေးပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာ ၂၉ ရက်က ကျင်းပတဲ့ ပုဇွန်တောင်မြို့နယ် ယာဉ်ရပ်နားဝင်းဖွင့်ပွဲ အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလို ပြောဆိုလိုက်တာပါ။
YBS စနစ် ပြောင်းလဲခဲ့တဲ့ ၃ နှစ်တာကာလအတွင်းမှာ ယာဉ်ပိုင်ရှင်တွေ အပြောင်းအလဲ လုပ်လို့ရအောင် ဆိုင်းငံ့ကာလအနေနဲ့ ထားပေးထားပြီးဖြစ်လို့ အခုပြောင်းလဲသင့်နေပြီလို့ ဆိုပါတယ်။
ယာဉ်ဟောင်း၊ ယာဉ်အစုတ်တွေနဲ့ လိုင်းကား ပြေးဆွဲနေတာသေးတဲ့ ကုမ္ပဏီတွေကို ပြန်လည်သုံးသပ်တာတွေလုပ်ပြီး နယ်တွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ဆွေးနွေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုပါတယ်။
“ပြည်သူကို ဝန်ဆောင်မှုမပေးနိုင်ဘဲနဲ့ ကားစုတ်တွေနဲ့ပဲ ပြေးဆွဲနေမယ်ဆိုရင်တော့ ဒီအခြေအနေကို လက်မခံနိုင်ပါဘူး။ ဒါကြောင့် စံတခု သတ်မှတ်ရပါလိမ့်မယ်။ ဒီစံထဲကို ဝင်နိုင်ရင် အနည်းဆုံး Transport မှာ ဆက်လက်ရပ်တည်လို့ရမယ်။ မဝင်နိုင်ဘူးဆိုရင်တော့ နယ်တွေ ရှိပါသေးတယ်။ ရန်ကုန်မြို့တော်ကြီးမဟုတ်တဲ့ တခြားနေရာတွေမှာ သွားပြေးဆွဲလို့ရပါတယ်။ အဲဒီမှာ ကားတွေက စုတ်ချင် စုတ်နေမယ်၊ ကောင်းချင်မှ ကောင်းမယ်။ ဒါပေမဲ့ ရန်ကုန်မြို့တော်ကြီးမှာတော့ ဒီစနစ်ဟာ ခွင့်ပြုနိုင်မယ့်အခြေအနေ မရှိပါဘူး။”
အခုနောက်ပိုင်းမှာ မော်တော်ယာဉ်အသစ်တွေနဲ့ အစားထိုးပြေးဆွဲလာတဲ့ ကုမ္ပဏီတွေနဲ့ ကားအဟောင်းတွေနဲ့ပဲ ပြေးဆွဲနေတဲ့ ကုမ္ပဏီတွေကြား အမြတ်အစွန်း မမျှတဘူးလို့ ယာဉ်ပိုင်ရှင်တွေ အချင်းချင်း ဝေဖန်တာတွေလည်း ရှိနေပါတယ်။
YBS အများပိုင်ကုမ္ပဏီ Power Eleven ကုမ္ပဏီတာဝန်ရှိသူ ကိုတရုတ်လေးက “သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဖြစ်တဲ့အတွက် အများပြည်သူပိုင်လမ်းတွေ အဲဒီနေရာတွေမှာ ကျနော်တို့က စီးပွားရေးလုပ်ငန်းတွေ လုပ်ရတယ်ဆိုရင်လည်း မမှားဘူးပေါ့။ ဝန်ဆောင်မှုမပေးနိုင်ဘူးဆိုရင် ယာဉ်လိုင်းလုပ်ငန်းတွေဟာ ရေရှည်မှာ ရပ်တည်ဖို့ မဖြစ်နိုင်ဘူး။ တချို့ အများပိုင်စနစ်နဲ့ သွားတယ်။ ဝန်ဆောင်မှုတွေ ပေးနိုင်တယ်။ ဒီလိုကတော့ ရေရှည်ရပ်တည်နိုင်လိမ့်မယ်။ စနစ်ပြောင်းပေမယ့်လည်း မပြောင်းနိုင်သေးတာတွေ ရှိတယ်။ အဲဒါတွေနဲ့ဆိုရင် ရေရှည်ရပ်တည်ဖို့ကတော့ မလွယ်ပါဘူး” လို့ ပြောပါတယ်။
လက်ရှိမှာတော့ YBS ယာဉ်လိုင်းတွေမှာ ယာဉ်အစီးရေ စုစုပေါင်း ၄၀၀၀ ဝန်းကျင် ပါဝင်ပြေးဆွဲနေပြီး အဲဒီအထဲမှာ ကားအသစ်ကတော့ အစီးရေ ၃၀၀၀ ဝန်းကျင်လောက် ပါဝင်ပြေးဆွဲနေပါတယ်။
အများပိုင်ကုမ္ပဏီ အရေအတွက်ကတော့ ၁၈ ခုရှိပြီး လက်ရှိမှာ YBS ယာဉ်လိုင်းပေါင်း ၁၀၀ နဲ့ ပြေးဆွဲနေတာ ဖြစ်ပါတယ်။
သင်းသင်းဇော်