သံခေတ်ကာလက ရုပ်အလောင်း ၇ လောင်း နွားထိုးကြီးမြို့တွင် ရှာတွေ့
DVB
·
December 29, 2019
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့မှာ သံခေတ်ကာလက ရုပ်အလောင်း ၇ လောင်း ရှာတွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့က နွားထိုးကြီးမြို့နယ်၊ ကြီးကြီးကျေးရွာရဲ့ အနောက်ဘက် ၁ မိုင်လောက်အကွာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၃၀ အနီးမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ လက်ထောက်ညွှန်မှူး ဦးလှရွှေ ပါ ၆ ဦးတို့သည် သုတေသနပြုလုပ် တူးဖော်ရာမှ သံခေတ်က ဓလေ့နဲ့ မြှုပ်နှံထားရှိတဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တာပါ။
သင်္ချိုင်းတူးဖော်မှုလုပ်ငန်းတွေကို မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က စတင်ဆောင်ရွက်နေတာလို့ သိရပါတယ်။