ငပုတောမြို့နယ်တွင် ခေါက်ဆွဲကြော်စားမိသည့် ရွာသား ၁၂၀ ဦး အစာအဆိပ်သင့်
DVB
·
December 24, 2019
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ မနေ့က ကျေးရွာသား အယောက် ၁၂၀ ခေါက်ဆွဲကြော်စားပြီးနောက် အစာအဆိပ်သင့်ခဲ့တာကြောင့် ဆေးရုံပို့လိုက်ရတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၂ ရက် မနက် ၁၀ နာရီလောက်က ငပုတောမြို့နယ် အုတ်ရှစ် ကလေးကျေးရွာ က မသန်းသန်းဦးရဲ့ နေအိမ်မှာပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ကျွေးမွေး လှူဒါန်းတဲ့ ကြက်သား၊ ဂေါ်ဖီ၊ မုန်လာဥတို့နဲ့ ရောနှောထားတဲ့ ခေါက်ဆွဲကြော်ကို စားသုံးရာမှာ အမျိုးသား ၆၀ ဦးနဲ့ အမျိုးသမီး ၆၀ ဦး အော့အန်တာပြီး ငပုတောမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရတာပါ။
ပိုးသတ်ဆေး အလွန် အကျွံသုံးစွဲထားတဲ့ ဂေါ်ဖီထုပ်ကို ရေစင်ကြယ်အောင်မဆေးဘဲ ချက်ပြုတ်စားသုံးမိတာကြောင့် အစာအဆိပ်သင့်တာလို့ သိရပါတယ်။