ကျောက်မဲမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ
DVB
·
December 23, 2019
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်တင်းကျေးရွာအုပ်စုထဲမှာ ဒီနေ့မနက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ်။
မိုင်းတင်းကျေးရွာအုပ်စု နားမွန်းရွာက ကြံ့ခိုင်ရေးပါတီဝင် စိုင်းဌေးအောင်ဟာ အမည်မသိသေနတ်သမားတွေရဲ့ ပစ်ခတ်ခြင်းခံရပြီး သေဆုံးသွားခဲ့တယ်လို့ ကျောက်မဲ ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။
“နားမွန်းရွာက USDP ပါတီဝင် စိုင်းဌေးအောင် သေနတ်ပစ်ခံရတဲ့အကြောင်း ကနေ့မနက်က ရွာသားတွေရော။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလူတွေပါ ကျနော်တို့အဖွဲ့ကို အကြောင်းကြားလာပါတယ်။ လက်နက်ကိုင်အဖွဲ့ကလို့ ယူဆရတဲ့ လူတွေက ပစ်သွားတယ်လို့ပြောတယ်။ ဘယ်အဖွဲ့ကမှန်တော့ မသိဘူး။ ဘယ်နေရာမှာ ဘယ်လိုအပစ်ခံရလဲ ဆိုတာတော့ မသိရသေးပါဘူး။ အခုလောလောဆယ် ကျောက်မဲနာရေးအသင်းက ကားနဲ့သွားကြိုနေကြပါတယ်။ အသေးစိတ်ကို သူတို့ရောက်လာမှ သိလိမ့်မယ်။ သူတို့ရွာက ကျောကဲမဲနဲ့ဆို ၇ မိုင်လောက်ဝေးတယ်။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ကျောက်မဲရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဖြေကြားပေးမယ့်သူ မရှိသေးပါဘူး။
ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကလည်း မိုင်းတင်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသူကြီး ၂ ဦးတို့ ကျောက်မဲမြို့ပေါ် ၈ ရပ်ကွက်ရှိ စားသောက်ဆိုင်မှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
မြို့နယ်ထဲမှာ အခုလို သေနတ်ပစ်မှုတွေ မကြာမကြာဖြစ်ပွားလေ့ရှိပေမယ့် တရားခံကိုတော့ ဖမ်းဆီးရမိခြင်းမရှိပါဘူး။ အဲဒီဒေသထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးလေး ဖွဲ့လောက်လည်း သွားလာ လှုပ်ရှားနေပါတယ်။