လူ ၆၀ ကျော်နေထိုင်သည့် ပဲခူးမြို့က တိုက်ဟောင်းတလုံး မပြင်ဆင်ပါက အန္တရာယ်ရှိနိုင်
DVB
·
December 23, 2019
ပဲခူးမြို့က လူပေါင်း ၆၀ ကျော်လောက်နေထိုင်နေတဲ့အဆောက်အအုံဟောင်းတခုဟာ ယိုယွင်းပျက်စီးလာနေပြီး စောစောစီးစီး ပြင်ဆင်မှုမလုပ်ပါက အန္တရာယ် ကျရောက်နိုင်တယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ပဲခူးမြို့မှာ အန္တရာယ်ရှိအဆောက်အအုံ ၃ ခုရှိတဲ့အထဲ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက် ဘူတာသွားလမ်းပေါ်မှာရှိတဲ့ အိမ်ထောင်စု ၁၄ စု လူဦးရေ ၆၅ ယောက်နေထိုင်တဲ့ အဆောက်အအုံ ကတော့ ညောင်ပင်တွေ ပေါက်နေကာ အတော်ကို ယိုယွင်းပျက်စီးနေတာပါ။
အဲဒီလို အဆောက်အအုံတွေရှိနေတာ မြို့အတွက် အန္တရာယ်ရှိသလို လူတွေရဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ရတယ်လို့ ပဲခူးမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ဦးညွန့်ရွှေက ပြောပါတယ်။
“ဒီအဆောက်အအုံတွေက လေပြင်းတိုက်ရင်ပဲဖြစ်ဖြစ်၊ မိုးများရင်ပဲဖြစ်ဖြစ် ငလျင်အနည်းငယ် လှုပ်ရင်ပဲဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ်တစုံတရာကျရောက်ပါက အဲဒီထဲမှာနေတဲ့ လူတွေရဲ့ အသက်တွေလည်း ဆုံးရှုံးနိုင်တယ်”
အဲဒီအဆောက်အဦးကို ၁၉၂၆ ခုနှစ်လောက်ကတည်းကဆောက်လုပ်ထားပြီး အိန္ဒိယနွယ်ဖွားတဦးက ပိုင်ဆိုင်ခဲ့တာပါ။ အဲဒီပိုင်ရှင်က ၁၉၆၂ ခုနှစ်လောက်ကတည်းက ပါကစ္စတန်နိုင်ငံကို ပြန်သွားခဲ့ပြီး လက်ရှိမှာတော့ အဲဒီမြေနေရာက စည်ပင်ပိုင်မြေဖြစ်ပါတယ်၊
အဆိုပါ အဆောက်အအုံရှိ တိုက်ခန်းတွေမှာ ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက နေထိုင်လာကြတဲ့သူတွေကတော့ တကယ်လို့ အသစ်ပြန်ဆောက်မယ်ဆိုရင် အခန်းတစ်ခန်း ပြန်လည်လိုချင်နေကြပါတယ်။
ဒီကိစ္စနဲ့ပါတ်သက်ပြီး ပဲခူးတိုင်းစည်ပင်ဝန်ကြီးကတော့ အဆောက်အအုံဟာ နိုင်ငံခြားသား ပိုင်ဖြစ်လို့ နိုင်ငံတော်ပိုင်ဖြစ်အောင် အရင်တင်ပြရမယ်၊ ပြီးမှ တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲမှုရရှိပြီးမှသာ ဆောင်ရွက်လို့ရမှာဖြစ်တယ်လို့ လွှတ်တော်မှာ ဖြေကြားဖူးပါတယ်။
သတင်း - အောင်စိုးမိုး