Homeမြန်မာသတင်း
၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းက ပြည်ထောင်စုသို့ ခွင့်ပြုရန်ပုံငွေ ၂ ဘီလီယံ ပြန်အပ်
၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းက ပြည်ထောင်စုသို့ ခွင့်ပြုရန်ပုံငွေ ၂ ဘီလီယံ ပြန်အပ်
DVB
·
December 20, 2019
၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဌာန၊ အဖွဲ့အစည်းများသုံးစွဲဖို့ ခွင့်ပြုရန်ပုံငွေ ၁၆၀ ဘီလီယံခန့်မှ ၂ ဘီလီယံခန့်ကို ပြည်ထောင်စုသို့ ပြန်အပ်လိုက်ရတယ်လို့ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ပြောပါတယ်။
ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ရဲ့ သာမန်ရငွေနဲ့ ငွေလုံးငွေရင်းရငွေ ခွင့်ပြုရန်ပုံငွေတွေထဲက သာမန်ရငွေ ၁ ဘီလီယံနဲ့ ငွေလုံးငွေရင်းရငွေ ၁ ဘီလီယံ စုစုပေါင်း ၂ ဘီလီယံခန့်ကို ပြည်ထောင်စုသို့ ပြန်အပ်လိုက်တယ်လို့ တနင်္သာရီတိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးနေလင်းထက်က ပြောပါတယ်။
“အချို့က အပ်ပြီးသွားပြီး ပြန်ယူထားတာရှိတယ်၊ ပြန်သုံးထားတာရှိတယ်။ တကျော့ လွှတ်တော်တင်တဲ့အခါမှာ GRF ကပြန်ပြီး သုံးထားတာရှိတယ်။ အခုဟာကျတော့ အသားတင်တွေဖြစ်သွားပြီး အသားတင်ပြန်အပ်တဲ့အခါကျတော့ ပြည်ထောင်စုကို ပြန်အပ်လိုက်တယ်ပေါ့၊ မလုပ်နိုင်ဘူး အကောင်အထည်မဖော်နိုင်ဘူး။”
သာမန်ရငွေမှ ပြန်အပ်ငွေမှာ ၀န်ထမ်းစရိတ်၊ ၀န်ထမ်းလစာတို့ပါပြီး ငွေလုံးငွေရင်းရငွေမှ ပြန်အပ်ငွေမှာ ကျေးလက်ဦးစီးဌာနမှ မြေယာအရှုပ်အရှင်းကြောင့် လောင်းလုံးမြို့နယ်အတွင်း စိုက်ပျိုးရေးလမ်းမလုပ်နိုင်ခြင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုးသည်းထန်ပြီး သဘာဝဘေးဒဏ်ကြုံရသည့်အတွက် ကျွန်းစုမြို့နယ်အတွင်း ကျွန်ပတ်လမ်းပြီးစီးအောင် မဆောင်ရွက်နိုင်ခြင်း၊ တင်ဒါပိုလျှံငွေ စတဲ့တွေကြောင့် ပြည်ထောင်စုကို ငွေကျပ် ၂ ဘီလီယံ ပြန်အပ်လိုက်ရတယ်လို့ သိရပါတယ်။
သာမန်ရငွေမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စာရင်းစစ်ချုပ်ရုံးတို့က အများဆုံးပြန်အပ်ပြီး ငွေလုံးငွေရင်းရငွေမှ လမ်းဦးစီးဌာန၊ ကျေးလက်ဦးစီးဌာနနဲ့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က ပြန်အပ်ငွေအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
တင့်လွင်