‘ဝ’ ဒေသက ချိတ်ပိတ်ခံခဲ့ရသည့် ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဖွင့်
နော်နိုရင်း
·
December 18, 2019
‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ ပြီးခဲ့တဲ့နှစ်က ချိတ်ပိတ်ခံခဲ့ရတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ အားလုံးနီးပါးကို အခုလဆန်းပိုင်းကစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
ပန်ဆန်းမြို့နယ်၊ မိုင်းပေါက်မြို့နယ်၊ ဟိုတောင်းမြို့နယ်နဲ့ မိုင်းကျယ်မြို့နယ်က လားဟူ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ၅၂ ကျောင်း ချိတ်ပိတ်ခံရပြီး ဓမ္မအမှုတော်ဆောင် ၉၂ ပါးကို ‘ဝ’တပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလယ်ပိုင်းက ဖမ်ဆီးခေါ်ဆောင်သွားခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ ဓမ္မအမှုဆောင်တွေကတော့ ဖမ်းဆီးခံရပြီး တလအကျော်မှာပဲ ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
ချိတ်မပိတ်ခံခဲ့ရတဲ့ ဘုရားရှိခိုးကျောင်းတွေကိုတော့ အခုနှစ် နိုဝင်ဘာလကစပြီး တဖြည်းဖြည်း ပြန်လည်ဖွင့်ပေးခဲ့ရာမှာ ဒီဇင်ဘာလဆန်းမှာ အားလုံးနီးပါးကို ပြန်ဖွင့်ပေးလိုက်တယ်လို့ လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာလာဇရုက ဒီဗွီဘီကို ပြောပါတယ်။
“ပြီးခဲ့တဲ့လကနေစပြီးတော့ တဖြည်းဖြည်း ဖွင့်ပေးတယ်။ ဖွင့်ပေးပြီးတော့ ဒီလ ပြီးခဲ့တဲ့ တပတ် နှစ်ပတ်မှာ အားလုံးလိုလို ဖွင့်ပေးတယ်။ အခုမဖွင့်ပေးတာက မိုင်းကျယ်မှာရှိတဲ့ ဘုရားကျောင်းလေး တကျောင်းရယ်၊ နောက် ကျမ်းစာကျောင်းတကျောင်း အဲဒါ မဖွင့်သေးဘူး။ ”
ဘာကြောင့် ခုလို ပြန်ဖွင့်ပေးတယ်ဆိုတဲ့ အကြောင်းပြချက်တွေ တစုံတခုမှ မပြောဘဲ ဒီဘုရားကျောင်းတွေကို စိစစ်ပြီး တဖြည်းဖြည်းချင်း ပြန်ဖွင့်ပေးတာလို့ UWSA ရဲ့ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်း ပြောပါတယ်။
“စိစစ်မှုတွေ ပြုလုပ်ပြီးမှာ တော်တော်များများတော့ ဖွင့်ပြီးသွားပြီ။ ကျန်ရှိတဲ့ ဘုရားကျောင်းတွေကျတော့ ကျနော်တို့ စိစစ်မှုတွေ ပြုလုပ်နေတုန်းပါပဲ။ စိစစ်မှုတွေဆိုတာကတော့ ကျနော်တို့ ပြင်ပကနေပြီးမှ လာရောက်ပြီးတော့ သာသနာပြုလုပ်ငန်းတွေ လုပ်ဆောင်တယ်။ တချို့လုပ်ဆောင်ချက်တွေက အစွန်းဘက်ရောက်နေတဲ့ဥစ္စာတွေ၊ ပြီးတော့ အဲလိုမျိုးတွေလည်း ဖြစ်ပေါ်နေတာ တွေ့ရတာပေါ့နော်။ ပြီးတော့ ဒေသအတွင်းမှာ တိုင်းရင်းသားလူမျိုး အချင်းချင်းတွေလည်း စည်းလုံးရေး ပျက်ပြားမှာစိုးလို့ ကျနော်တို့ ဝင်ရောက်ထိန်းသိမ်းခဲ့တဲ့ သဘောမှာ ရှိခဲ့တယ်”
အခုလို ဘုရားကျောင်းတွေကို ပြန်လည်ဖွင့်ပေးလိုက်တဲ့အပေါ်မှာလည်း ဝမ်းသာကြောင်း ဒေါက်တာလာဇရုက ပြောပါတယ်။
“ကျနော်တို့ ဝမ်းသာပါတယ်။ အေးအေးချမ်းချမ်းနဲ့ အခုလို ကောင်းကောင်းမွန်မွန် ဘုရားရှိခိုးပြီးမှ သာသနာလုပ်ငန်း ပြန်လုပ်နိုင်တဲ့အတွက် ဝမ်းသာပါတယ်။ နောက်ပြီးတော့ ကျန်ရှိတဲ့ ကျမ်းစာကျောင်းလည်း ပြန်ဖွင့်ပေးဖို့ မျှော်လင့်နေတုန်းပဲ”
‘ဝ’ ဒေသမှာ လားဟူခရစ်ယာန်ဘုရားကျောင်း ၅၀ ကျောင်း ချိတ်ပိတ်ခံခဲ့ရပြီး ၅ ကျောင်း ဖြိုချဖျက်ဆီးခံခဲ့ရတယ်လို့ လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။