Homeမြန်မာသတင်း
ဖားကန့်တွင် ကိုယ်ထူကိုယ်ထတံတား ဖျက်ခိုင်းပြီး တံတားသစ်ဆောက်မည့်အပေါ် ဒေသခံများ ကန့်ကွက်
ဖားကန့်တွင် ကိုယ်ထူကိုယ်ထတံတား ဖျက်ခိုင်းပြီး တံတားသစ်ဆောက်မည့်အပေါ် ဒေသခံများ ကန့်ကွက်
DVB
·
December 15, 2019
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု နတ်နားလိုင်းကျေးရွာက ရွာသူရွာသားတွေရဲ့ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားတဲ့ တံတားကို ဖားကန့်မြို့နယ် စည်ပင်သာယာက ဖျက်သိမ်းခိုင်းပြီး တံတားသစ် တည်ဆောက်မယ့်အပေါ် ရွာသားတွေက ကန့်ကွက်ခဲ့ကြပါတယ်။
ဒီတံတားဟာ ဥရုချောင်းကို ဖြတ်ပြီး နတ်နားလိုင်းကျေးရွာနဲ့ တာမခန်ကျေးရွာကို ဆက်သွယ်ထားတဲ့ တံတား ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကတည်းက မိုးရာသီကုန်တိုင်း မည်သူမဆို အခမဲ့ ဖြတ်သန်းသွားလာဖို့အတွက် နတ်နားလိုင်းရွာသားတွေက နှစ်စဉ်နှစ်တိုင်း ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ကြတာလို့ နတ်နားလိုင်းရွာသားတွေက ပြောပါတယ်။
အခုအခါမှာ ဖားကန့်မြို့နယ် စည်ပင်သာယာနဲ့ နတ်နားလိုင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့က ရွာသားတွေကို အသိမပေးဘဲ ဖြတ်သန်းခ ကောက်ခံမယ့် လေလံတံတား ဆောက်လုပ်ခွင့် ပေးခဲ့တာကြောင့် ရွာသားတွေက ကန့်ကွက်ခဲ့ကြတာပါ။
ရွာသားတွေ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့တဲ့ တံတားဟာ မည်သူမဆို အခမဲ့ ဖြတ်သန်းခဲ့ရပေမယ့် စည်ပင်သာယာခွင့်ပြုမိန့်နဲ့ လေလံချပေးတဲ့ တံတားဟာ ငွေကြေးကောက်ခံမှုတွေ ရှိလာမှာ ဖြစ်တာကြောင့် ရွာသူရွာသားတွေက ကန့်ကွက်နေကြတာပါ။
ရွာသားတွေဟာ သူတို့ကျေးရွာအတွက် မလိုအပ်ဘဲ၊ ရွာသားတွေကို အသိပေးခြင်းလည်း မရှိဘဲ လေလံတံတား လာရောက်ဆောင်လုပ်တာကို လက်မခံကြဘဲ ဆောက်လုပ်ထားတဲ့ ကိုယ်ထူကိုယ်ထ တံတားကနေပဲ အခမဲ့ ဖြတ်သန်းသွားလာလိုကြတယ်လို့ ပြောဆိုနေကြပါတယ်။
ဇော်မိုးထက်