အမြန်လမ်းဘေးရှိ တာကျွင်းထဲ လန်ခရူဇာကား ထိုးကျမှုကြောင့် ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
DVB
·
December 14, 2019
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်ကနေ ပြင်ဦးလွင်ကို သွားတဲ့ Toyota Landcruiser ယာဉ်တစီးဟာ လမ်းဘေး တာကျွင်းထဲကို ထိုးကျတိမ်းမှောက်ခဲ့တာကြောင့် ၁ ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လူ ၈ ယောက် လိုက်ပါလာတဲ့ အဲဒီကားဟာ မိုင်တိုင် ၂၇၈ အရောက် အရှိန်မထိန်းနိုင်ဘဲ အမြန်လမ်းမကြီးနဲ့ ကုန်ထုတ်လမ်းကြားမှာရှိတဲ့ အနက် ၁၀ ပေလောက်ရှိတဲ့ တာကျွင်းထဲကို ထိုးကျတိမ်းမှောက်ခဲ့တာလို့ သွားရောက် ကူညီကယ်ဆယ်ခဲ့တဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အခုဖြစ်စဉ်ကြောင့် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး အမျိုးသမီးတဦးကတော့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။