ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် သိပ္ပံပွဲခင်းကျင်းပနေ
ဆုဆုသွယ်
·
December 13, 2019
ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်အထိမ်းအမှတ် သိပ္ပံပွဲခင်းကို ရန်ကုန်တက္ကသိုလ်အပန်းဖြေရိပ်သာ (အာစီ)မှာ ဒီဇင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ ကျင်းပနေပါတယ်။
ကျောင်းသားကျောင်းသူတွေရဲ့ လေ့လာသင်ကြား သင်ယူမှုတွေကို အဆင့်မြှင့်တင်ဖို့၊ ပြောင်းလဲလာတဲ့ပညာရေးစနစ်သစ်မှာ ကျောင်းသားတွေ အလေ့အကျင့်ကောင်းတွေရရှိလာဖို့၊ လာရောက်လေ့လာသူတွေ သိပ္ပံဆိုင်ရာဗဟုသုတတွေရရှိဖို့နဲ့ တက္ကသိုလ်တွေနဲ့စီးပွားရေး လုပ်ငန်းရှင်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်လာနိုင်ဖို့အတွက် သိပ္ပံပွဲခင်းကို ကျင်းပတာဖြစ်ပါတယ်။
ဒီပြပွဲမှာတော့ရန်ကုန်တက္ကသိုလ်သိပ္ပံဌာနတွေ၊ ကွန်ပျူတာ၊ နည်းပညာတက္ကသိုလ်တွေ၊ ကျောင်းသားအဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေက လာရောက်ပြသထားတဲ့ ပြခန်းပေါင်း ၄၃ ခန်း ဖွင့်လှစ်ထားပါတယ်။
အဲဒီပြခန်းတွေမှာသိပ္ပံဘာသာရပ်နဲ့ဆိုင်တဲ့ အီလက်ထရောနစ်၊ နည်းပညာ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်တာတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ပြကွက်တွေကိုလည်း ခင်းကျင်း ပြသထားတာဖြစ်ပါတယ် ။
ဒါ့အပြင်ပွဲတော်ကာလမှ သိပ္ပံဆက်ကပ်ပြကွက်တွေနဲ့ သိပ္ပံဉာဏ်စမ်းပဟေဠိပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပနေပါတယ်။ သိပ္ပံပွဲခင်းကို ရန်ကုန်တက္ကသိုလ်မှာ ၂၀၁၄ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ (၆)ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။