ရာသီဥတုကြောင့် ထိခိုက်သေဆုံးမှုအများဆုံး နိုင်ငံစာရင်းတွင် မြန်မာထိပ်ဆုံးကပါဝင်
ပိုင်စိုး
·
December 9, 2019
ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ရာသီဥတုကြောင့် ထိခိုက်ပျက်စီးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး လူသေဆုံးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ ကမ္ဘာ့အစီရင်ခံစာတခုအရ သိရပါတယ်။
ဂျာမနီနိုင်ငံ ဘွန်းမြို့အခြေစိုက် Germanwatch အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့ရာသီဥတုအန္တရာယ်အညွှန်းကိန်းအစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ နှစ်ပေါင်း ၂၀ အတွင်း ကာရစ်ဘီယန်ကျွန်းနိုင်ငံ တခုဖြစ်တဲ့ ပွာတိုရီကိုနိုင်ငံဟာ ရာသီဥတုဒဏ်ကို အများဆုံးခံခဲ့ရပြီး မြန်မာနိုင်ငံကတော့ ဒုတိယ အဆိုးရွားဆုံး ခံခဲ့ရတာဖြစ်ပါတယ်။
ဒါတွေဟာ နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ ထူးခြားကြီးကျယ်တဲ့ ရာသီဥတုဖြစ်စဉ်တွေရဲ့ နောက်ဆက်တွဲကြောင့် ဖြစ်လာတာလို့ ဆိုပါတယ်။
ပွာတိုရီကို နိုင်ငံမှာ ၂၀၁၇ ခုနှစ်က မာရီယာဟာရီကိန်းမုန်တိုင်း၊ ၂၀၀၄ ခုနှစ်က ဟာရီကိန်း ဂျင်းနီ (Jeanne) နဲ့ ၂၀၁၆ ခုနှစ်မှာ ဟာရီကိန်း ဆန်ဒီတို့ဟာ ဟေတီနိုင်ငံကို ဝင်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံကတော့ ၂၀၀၈ ခုနှစ်က ဆိုင်ကလုန်းမုန်တိုင်းနာဂစ်ကြောင့် အပြင်းအထန် ထိခိုက်ခဲ့ရပါတယ်။
ဒီနှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံမှာ ရာသီဥတုဘေးအန္တရာယ် ၅၅ ကြိမ် ကြုံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၃၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
ဒါဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် တော်တော်များနေပြီး ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ နှစ် ၂၀ အတွင်း ရာသီဥတုဘေး အကြိမ် ၁၉၀ ကျော်ကြုံခဲ့ရပေမယ့် ဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ သန်း ၁၆၈၀ ကျော်၊ နီပေါနိုင်ငံမှာ အကြိမ် ၁၈၀ ကျော်ကြုံခဲ့ရပေမယ့် ဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ သန်း ၂၂၀ ကျော်ပဲ ရှိနေတာပါ။
ဒီနှစ် ၂၀ အတွင်း ကမ္ဘာပေါ်မှာ ဆိုးရွားတဲ့ရာသီဥတုဖြစ်စဉ်ပေါင်း ၁၂၀၀၀ ကျော်ဖြစ်ခဲ့ပြီး ဒါတွေကြောင့် လူပေါင်း ၅ သိန်းလောက်သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ အပူလှိုင်းဒဏ်ကိုကြောင့် အများဆုံးပျက်စီးခဲ့ပြီး ဂျပန်၊ ဖိလစ်ပိုင်နဲ့ ဂျာမနီနိုင်ငံတို့ဟာ ရာသီဥတုဘေးကြောင့် အများဆုံးထိခိုက်ခံခဲ့ရပါတယ်။ ဒီထဲမှာ ဂျပန်နဲ့ အိန္ဒိယတို့ဟာ အများဆုံး ဆုံးရှုံးခဲ့ကြရပြီး အမေရိကန် ဒေါ်လာသန်းပေါင်း ၃၅၀၀၀ ကျော်ရှိခဲ့ပါတယ်။