မိတ္ထီလာကန်ပတ်လမ်းတွင် အဝေးသင်ကျောင်းသား ၁ ဦး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံး
DVB
·
November 29, 2019
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် အ.ထ.က(၁)အရှေ့ဘက်ရှိ မိတ္ထီလာကန်ပတ်လမ်းမှာ နိုဝင်ဘာ ၂၉ ရက် မနက်က အဝေးသင်တက္ကသိုလ်ကျောင်းသား ၁ ဦး ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေတဲ့အတွက် လူသတ်မှုနဲ့ အမှုဖွင့်လိုက်တယ် လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "ဘယ်ဘက်ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာ တချက်နဲ့ သေဆုံးနေတယ်။ အဝေးသင်တက္ကသိုလ် ပထမနှစ် ကျောင်းသားပါ။ တရားခံကို ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးနေပါတယ်"လို့ ပြောပါတယ်။
သေဆုံးသူဟာ ကျောက်ပန်းတောင်းမြို့နယ်၊ သဲပုမ္မအုပ်စု၊ အိုးအိုင်ရွာနေ သန့်ကျော်ဦး(၂၀နှစ်) အဝေးသင်တက္ကသိုလ် သမိုင်းဘာသာ ပထမနှစ် တက်နေသူဖြစ်ပါတယ်။
သေဆုံးသူဟာ မိတ္ထီလာမြို့၊ သမုန်းကုန်းနယ်မြေ အောင်ဆန်းရပ်ကွက်မှာ အဆောင်ငှား နေထိုင် ကျောင်းတက်နေသူဖြစ်ပြီး အဝေးသင်တက္ကသိုလ် စာမေးပွဲက နိုဝင်ဘာ ၂၈ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မိတ္ထီလာမြို့မရဲစခန်းမှာ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ -Aung Sun