တိုက်ပွဲကြောင့် ဘုရားသုံးဆူ ထိုင်း-မြန်မာနယ်စပ်ဂိတ် ပိတ်ထားရ
DVB
·
November 29, 2019
မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထိုင်း-မြန် မာနယ်စပ် ဘုရားသုံးဆူဂိတ်ကို ပိတ်ထားခဲ့ရတယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။
ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းအနီးမှာ နိုဝင်ဘာ ၂၇ ရက်မနက်က မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မျက်မြင်ဒေသခံက ပြောပါတယ်။
ထိုင်းဘက်ခြမ်းမှာ မြေပိုင်နက် နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်လို့ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ပူးပေါင်းအဖွဲ့ လောက်လာရောက်စဉ်မှာ မွန်ပြည်သစ်ပါတီ ဘက်က အင်အား ၂၀ လောက်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်တယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံဘက်ခြမ်း ဆန်ခလပူရီခရိုင်ထဲက နယ်စပ်ဂိတ်မှာတော့ လုံခြုံရေး ယူထားတဲ့ စစ်သားတွေ စောင့်ကြပ်နေကြပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို တော့ ဝင်ရောက်ခွင့်ပြုထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
လတ်တလောမှာ ဘုရားသုံးဆူနယ်စပ်ဖြတ်ကျော်ကြမယ့် ထိုင်းနိုင်ငံသားခရီး သွားတွေကိုရော ဒေသတွင်း ဈေးဆိုင်တွေကိုပါ ပိတ်ထားဖို့၊ လုံခြုံရေးရယူထားတဲ့ ဧရိယာနဲ့ ခပ်ဝေးဝေးမှာ နေထိုင်ကြဖို့ ထုတ်ပြန်ထားတာပါ။
တိုက်ပွဲကြောင့် ဘုရားသုံးဆူဒေသက ဒေသခံမွန်တိုင်းရင်းသား ၁၀၀၀ လောက် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင် ထွက်ပြေးလာတယ်လို့လည်း သတင်းမှာဖော်ပြပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
မနေ့ကတော့ မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်အကြား အပစ်ရပ်ခဲ့ကြပြီး ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြပါတယ်။
ဓာတ်ပုံ- Bangkok Post