ရှမ်းနီနှစ်သစ်ကူးနှင့် ကောက်ဦးဆွမ်းကပ်ပွဲတော် ကချင်ပြည်နယ်တွင် ကျင်းပ
DVB
·
November 28, 2019
ကချင်ပြည်နယ်၊ အင်းတော်ကြီးချောင်းဝဒေသ လွဲပေါကျေးရွာမှာ ရှမ်းသက္ကရာဇ် ၂၁၁၃ ခုနှစ်မှ ၂၁၁၄ ခုနှစ်သို့ ကူးပြောင်းတဲ့ ရှမ်းနီနှစ်သစ်ကူးနဲ့ ကောက်ဦးဆွမ်းကပ်လှူ ပူဇော်ပွဲကို နိုဝင်ဘာ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။
ပွဲစီစဉ်သူ ဦးမောင်အောင်က “ဒီပွဲကိုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရှမ်းနီစာပေနဲ့ ယဉ်ကျေးမှု မတိမ်ကောစေဖို့ နောက်တက်လာမယ့် လူငယ်အနာဂတ်တွေကို နိုင်ငံတော်အပေါ် ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိအောင် အင်းတော်ကြီးတဝိုက်မှာရှိတဲ့လူငယ်စုပေါင်းတွေကို မြင်အောင်ရှိအောင် ပြုလုပ်တာဖြစ်တယ်”လို့ ပြောပါတယ်။
ရှမ်းနှစ် ၂၁၁၃ နောက်ဆုံးညဖြစ်တဲ့ နိုဝင်ဘာ ၂၆ ရက်ည ၁၂ နာရီ မထိုးခင်အထိ အင်းဘေး ဝဲယာကျေးရွာများမှ ရိုးရာအကအဆိုတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး ည ၁၂ နာရီ နှစ်သစ်အကူးမှာ မီးရှုးမီးပန်းတွေဖောက်ကာ နှစ်သစ်ဆုတောင်းခဲ့ကြတာပါ။
ကောက်ဦးဆွမ်းကပ်အပြီး ကျေးရွာအားလုံး ဆွေးနွေးတွေ့ဆုံခဲ့ကြပါတယ်။ အခုပြုလုပ်တဲ့ နှစ်ကူးကောက်ဦးဆွမ်းကပ်ပွဲတော်ဟာ အင်းဘေးဝဲယာအုပ်စု ၁၄ အုပ်စုက ကျေးရွာတွေမှာ ကျင်းပခဲ့တာဟာ ၂၂ ကြိမ်မြောက်ဖြစ်တယ်လို့သိရပြီး လာမယ့် ၂၀၂၀ အတွက် အလှည့်ကျတဲ့ အိုင်လေးတူကျေးရွာသို့ ရှမ်းနီအလံကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
“နှစ်စဉ်လိုပွဲတော်ကျင်းပတဲ့အတွက် ရှမ်းနီလူငယ်တွေ တွေ့ဆုံရင်းနှီးကာ ပိုမိုစည်းလုံး လာ ပြီး အခက်အခဲတွေ လက်တွဲဆောင်ရွက်နိုင်မှာပါ”လို့ တက်ရောက်လာကြတဲ့ လူငယ်တွေက ပြော ပါတယ်။
အင်းတော်ကြီးဝဲယာဒေသတွေမှာ ရှမ်းနီတိုင်းရင်းသား ၅၀၀၀၀ ကျော်နေထိုင်ကြပြီး အဆိုပါဒေသမှာ နေထိုင်သူ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိရပါတယ်။
သတင်း - မုန်းမုန်းမင်း