ပုပ္ပါးတောင်အနီးတဝိုက် တရားမဝင်ကျောက်ထုတ်လုပ်မှုများလာ
ထွန်းထွန်းသိန်း
·
November 26, 2019
မန္တလေးတိုင်း၊ ပုပ္ပါးတောင်အနီးတဝိုက်မှာ၊ တရားမဝင်ကျောက်ထုတ်လုပ်တာတွေ ပိုများလာတာကြောင့် ပုပါးတောင်မကြီးနဲ့ ရေဝေရေလဲဒေသတွေ ထိခိုက်မှာစိုးရိမ်ရတယ်လို့ ပုပ္ပါးတောင်ချစ်သူများအသင်း နာယကဆရာတော်ဦးယုဇနက မိန့်ပါတယ်။
ပုပ္ပါးတောင်မကြီးဝန်းကျင်မှာ တရားဝင်လိုင်စင်နဲ့ ကျောက်ထုတ်နေသူ ၂၀ ဦးခန့်သာရှိပြီး တရားမဝင်ထုတ်လုပ်သူတွေကတော့ ၆၀ ကျော်လောက်ရှိပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဦးမျိုးသစ်ကတော့ “စောင့်ကြည့်မှုတွေ ပြုလုပ်နေပေမယ့် တရားမဝင်လုပ်ကွက်တွေကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု ရှိနေတယ်”လို့ ပြောပါတယ်။
ဒေသခံတွေအနေနဲ့ တရားမဝင်လုပ်ကွက်တွေကို တိုင်ကြားနိုင်ပြီး သတ္တုတွင်းဥပဒေအရ ပိတ်သိမ်းပြီး အရေးယူမယ်လို့ပြောပါတယ်။
ကျောက်ပန်းတောင်းဒေသခံတွေကတော့ သတ္တုလုပ်ငန်းတွေကနေထွက်ရှိတဲ့ အမှုန်အမွှားတွေဟာ ကြက်မောက်တောင်ဆည်ကို စီးဆင်းနေတာကြောင့် သဲနူန်းမြေတွေ ပိုများလာတယ်လို့ ဆိုပါတယ်။
ပုပ္ပါးတောင်ကလပ်ဟာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ မိုးရာသီမှာ မြေလွှာနိမ့်ကျမှုနဲ့ ကြုံခဲ့ရပြီး သတ္တုတူးဖောက်မှုတွေကို စနစ်တကျ တူးဖော်ထုတ်လုပ်စေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။