Home
မြန်မာသတင်း
မြန်မာနိုင်ငံကို တရုတ်ခရီးသွားဝင်ရောက်မှု တိုးတက်လာ
DVB
·
November 24, 2019
မြန်မာနိုင်ငံကို တရုတ်ခရီးသွား ဝင်ရောက်မှုဟာ အခုနှစ်အတွင်းမှာ ၁၆၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။  ၂၀၁၈ အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ် စတင်ဘာ ၃၀ ရက်အထိ တရုတ်နိုင်ငံသားတွေထဲက လေကြောင်းနဲ့လာတဲ့ ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ (visa on arrivel) ခွင့်ပြုပေးလိုက်တဲ့အတွက် တရုတ်ခရီးသွား ဝင်ရောက်မှု တိုးတက်လာခဲ့တာပါ။  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းအရ တရုတ်ခရီးသွား ဝင်ရောက်မှုဟာ အခုနှစ်ရဲ့ စတင်ဘာလအထိ ၁၆၄ ရာခိုင်နှုန်း တိုးတက်လာခဲ့တာဖြစ်ပါတယ်။  အနောက်နိုင်ငံက ခရီးသွားဝင်ရောက်မှု ကျဆင်းနေချိန်မှာ ဗီဇာကင်းလွတ်ခွင့်ပေးတာတွေ၊ တရုတ်ခရီးသွားတွေ ပိုဝင်ရောက်လာတာတွေက ပြည်တွင်းခရီးသွားလုပ်ငန်းတွေအတွက်တော့ အသက်ရှုချောင်ရတဲ့ ကိစ္စရပ်ပဲဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဖြိုးဇော်ဝေက ပြောပါတယ်။ တရုတ်ခရီးသွားတွေ ပိုမိုဝင်ရောက်လာပေမယ့် ငွေကြေးအနည်းငယ်သာသုံးကြတဲ့ ဇီးရိုးဘတ်ဂျက်တွေ ဖြစ်ကြသလို စည်းကမ်းလိုက်နာမှု အားနည်းကြလို့ တရုတ်ခရီးသွားတွေအပေါ် ဝေဖန်တာတွေလည်း ရှိပါတယ်။  တရုတ်ခရီးသွားတွေထဲမှာ ဒီနိုင်ငံရဲ့ယဉ်ကျေးမှုတွေကို နားမလည်တဲ့သူတွေလည်း ပါလာနိုင်ပေမယ့် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားမယ်ဆိုရင် လက်မခံနိုင်စရာ မရှိဘူးလို့ မြန်မာ့ခရီးသွားဘဏ် ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ တရုတ်ခရီးသွားဝင်ရောက်မှုဟာ ၅၂၃၄၄၉ ဦး ဝင်ရောက်ခဲ့တာဖြစ်ပြီး အရင်နှစ်ရဲ့ ကာလတူ စာရင်းနဲ့နှိုင်းယှဉ်ရင် ၃ သိန်းကျော် ပိုမိုဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။  အဲ့ဒီအပြင် ဗီဇာကင်းလွတ်ခွင့်ပေးထားတဲ့ ကိုရီးယားနိုင်ငံက ခရီးသွား ၇၉ ရာခိုင်နှုန်းနဲ့ ဂျပန်နိုင်ငံက ခရီးသွား ၂၉ ရာခိုင်နှုန်းလည်း တိုးတက်လာခဲ့ပါတယ်။ သင်းသင်းဇော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024