Home
မြန်မာသတင်း
မြန်မာအပေါ် တရားစွဲဆိုထားသည့်ကိစ္စ ပြန်တုံ့ပြန်ရန် စီစဉ်ထားမှု သမ္မတရုံးတွင် ရှင်းလင်း
DVB
·
November 24, 2019
မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး ဘယ်လို ပြန်တုံ့ပြန်မလဲဆိုတာကို မနေ့က သမ္မတရုံးမှာ အစိုးရအဖွဲ့နဲ့ တပ်မတော်တာဝန်ရှိသူတွေကို ခေါ်ယူ ရှင်းလင်းခဲ့ပါတယ်။  နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဦးကျော်တင်တို့က ရှင်းလင်းခဲ့တာဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ တက်ရောက်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) မှာ တရားစွဲဆိုထားတဲ့ အကြောင်း မြန်မာအစိုးရဘက်ကို တရားဝင် အသိပေးအကြောင်းကြားလာတယ်လို့ ပြောပါတယ်။ အိုင်စီဂျေမှာ ရင်ဆိုင်ရတဲ့ အမှုတခုအနေနဲ့ ဖြေရှင်းရတဲ့ အချိန်ကာလ အတိုင်းအတာတခုအထိ ကြာမြင့်လေ့ရှိတာကြောင့် အပြီးသတ်စီရင်ချက် မချမှတ်ခင်အခုဖြစ်နေတဲ့ အခြေအနေကို ပို မဆိုးလာစေဖို့ ကာကွယ်တားဆီးရေး အတွက် “Provisional Measures” လို့ခေါ်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေအတွက် အမိန့်ချပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတယ် လို့လည်း ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ လာမယ့် ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၂ ရက်အထိ မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာ နိုင်ငံတို့က နှုတ်နဲ့ လျှောက်လဲချက်တင်သွင်းဖို့ အပြည်ပြည်ဆိုင်ရာတရားရုံးက အချိန်ဇယား သတ်မှတ်ခဲ့ပါတယ်။ ကုလသမဂ္ဂပဋိညာဉ်အရ အပြည်ပြည်ဆိုင်ရာတရားရုံးဟာ ကုလသမဂ္ဂရဲ့ တရားစီရင်ရေးဆိုင်ရာ အဓိကအစိတ်အပိုင်းဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးဟာ အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ အလိုအလျောက်အဖွဲ့ဝင်တွေ ဖြစ်ကြလို့ အိုင်စီဂျေအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေအကြား ဥပဒေအရ အငြင်းပွားခဲ့ရင် ဖြေရှင်းဆုံးဖြတ်ပေးတဲ့ တရားရုံးဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ ပြီးတော့ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ) ဟာ နိုင်ငံတကာ ပြစ်မှုကျူးလွန်သူကို ပစ်မှတ်ထားပြီး အိုင်စီဂျေကတော့ လူမျိုးသုဉ်း သတ်ဖြတ်တာကို ကာကွယ် တားဆီးမှုနဲ့ အရေးယူဆောင်ရွက်မှုမရှိတာတို့အတွက် နိုင်ငံတော်ကို အရေးယူလာနိုင်တယ်လို့လည်း ပြောပါတယ်။ ဝန်ကြီးက ၂၀၁၆ ခုနှစ်ကစလို့ ရခိုင်ပြည်နယ်မှာ ARSA က တိုက်ခိုက်ခဲ့တာတွေ၊ အစိုးရက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီကို ဖွဲ့စည်းတာ၊ ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ဖွဲ့စည်းတာ၊ ဒုတိယသမ္မတ ၁ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အစီရင်ခံစာတရပ် ထုတ်ပြန်ခဲ့တာ၊ သံအမတ်ကြီး Rosario Manalo ဦးဆောင်တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ကို တည်ထောင်တာ၊ တပ်မတော်ဘက်ကလည်း စုံစမ်းစစ်ဆေးရေးခုံရုံးကို တည်ထောင်ပြီး စုံစမ်း စစ်ဆေးနေတာ၊ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေ ပြန်လာနိုင်ရေး စီမံဆောင်ရွက်နေတာ စတာတွေကို ရှင်းလင်း ပြောဆိုပါတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီ၊ အထူးအစီရင်ခံစာ တင်သွင်းသူ၊ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM)၊ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်၊ အထွေထွေ ညီလာခံ တတိယကော်မတီနဲ့ လုံခြုံရေးကောင်စီ ကုလသမဂ္ဂယန္တရား(၇)ခုဖြင့် မြန်မာနိုင်ငံကို လေ့လာ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ အခု နိုဝင်ဘာလထဲမှာတော့ (လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု ရှိစေရေးအတွက်) အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆို တာ၊ လူ့အခွင့်အရေးအဖွဲ့တွေက ‘ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်းစီရင်ပိုင်ခွင့်’ မူနဲ့ အာဂျင်တီးနား ဖက်ဒရယ် တရားရုံးမှာ တရားစွဲဆိုတာ၊ အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ) က မြန်မာနိုင်ငံအပေါ် တရားဝင် စုံစမ်းစစ်ဆေးခွင့်ပြုတယ်လို့ အမိန့်ချမှတ်တာတွေ တဆက်တည်း ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အိုင်စီဂျေမှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အပေါ် ရင်ဆိုင်ဖြေရှင်းသွားဖို့ ကျွမ်းကျင်တဲ့ရှေ့နေတွေ၊ ဥပဒေအကြံပေးတွေ ငှားရမ်းထားပြီး ဖြစ်ရပ်မှန်တွေ တင်ပြနိုင်ရေးနဲ့ အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်တာတွေ၊ လက်ရှိ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အစိုးရအဖွဲ့ဝင်တွေသာမက အများပြည်သူသိရှိနားလည်စေဖို့ ရှင်းလင်းရတာ လို့လည်း ပြောပါတယ်။ အဲဒီနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆို ထားတဲ့ အကြောင်းကို ရှင်းလင်းပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေကတော့ မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာတဲ့ လူမျိုးစု အပေါ်မှာ ဖိနှိပ်ဆက်ဆံတာတွေကို ဆယ်စုနှစ်ပေါင်းများစွာလုပ်ခဲ့တာ၊ သူတို့ရဲ့ တရားဝင် ရပိုင်ခွင့်တွေကို ပေးဖို့ ငြင်းဆန်ခဲ့တာ၊ သူတို့ကို ဆန့်ကျင်တဲ့ အမုန်းတရားတွေကို ဝါဒဖြန့်ခဲ့တာ၊ သူတို့ကို ပစ်မှတ်ထားပြီး အစုလိုက် အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်တာတွေကို ကျူးလွန်နေတာ၊  နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်မှာ ပြန်လည်စတင်ခဲ့တာ၊ လူမျိုးတုံးသတ်ဖြတ်တာနဲ့ ခြိမ်းခြောက်တာတွေ ဆက်ဖြစ်နေတာ တို့ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုချက်တွေကတော့ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်တာနဲ့ ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း (လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း ၁၉၄၈) ရဲ့ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ၆ တို့အရ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာအတွက် တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး တာဝန်ရှိတယ်လို့ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်တွေကတော့ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တာ၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ဖို့ လျှို့ဝှက်ကြံစည်တာ၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ဖို့ လှုံ့ဆော်တာနဲ့ စီမံညွှန်ကြားတာ၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ဖို့ ကြံစည်တာ၊ လူမျိုးတုံး သတ်ဖြတ်မှုကို ပါဝင်ကျူးလွန်တာ၊ လူမျိုးတုံးသတ်ဖြတ်တာကို တားမြစ်ဖို့ပျက်ကွက်တာ၊ လူမျိုးတုံး သတ်ဖြတ်မှုကို အပြစ်ပေးဖို့ ပျက်ကွက်တာ၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးဖို့ လိုအပ်တဲ့ ပြဋ္ဌာန်းမှုမရှိတို့ကို ကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။ ပြီးတော့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့ ကြားဖြတ်စီမံဆောင်ရွက်ဖို့ တောင်းဆိုထားတာတွေကတော့ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်မှာ ချမှတ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူမျိုးတုံး သတ်ဖြတ်မှုဥပဒေကို လိုက်နာအကောင် အထည်ဖော်ဖို့ မြန်မာနိုင်ငံက လိုအပ်တဲ့ ဆောင်ရွက်ရမယ့် ကိစ္စအားလုံးကို အမြန်ဆုံး ဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံက တပ်မတော်၊ တပ်မတော်ကို အထောက်အကူပြုတဲ့လက်နက်ကိုင်အဖွဲ့အစည်း၊ ပြည်သူ့စစ် ဒါမှမဟုတ် အမြဲတမ်း မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေသာမက တခြားအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ လူမျိုးတုံးသတ်ဖြတ်တာတွေ ကျူးလွန်တာ၊ ကျူးလွန်ဖို့ ကြံစည်တာတွေ မလုပ်ဖို့၊ လျှောက်ထားချက်မှာ ဖော်ပြထားတဲ့ လူမျိုးတုံးသတ်ဖြတ်တာနဲ့ ပတ်သက်တဲ့ သက်သေတွေကို မြန်မာနိုင်ငံအနေနဲ့ မဖျက်ဆီးဖို့၊ မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတို့အနေနဲ့ ဘယ်လို လက်တုံ့ ပြန်တာတွေမှ မလုပ်ဖို့၊ လျှောက်ထားချက်မှာပါတဲ့ လက်ရှိအငြင်းပွားတာတွေ ပိုမိုဆိုးရွားစေမယ့် ဘာကိုမှ မလုပ်ဖို့၊ ဒီ ကြားဖြတ် အစီအမံဆောင်ရွက်ချက်တွေနဲပ ပတ်သက်တဲ့ ဆောင်ရွက်မှု အစီရင်ခံစာကို စတင်ချမှတ်သည့်နေ့ကနေ ၄ လထက် နောက်မကျစေဘဲ တရားရုံးကို တင်ပြဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ဒီဇင်ဘာ ၁၀ ရက်မှာ ဂမ်ဘီယာနိုင်ငံက ပထမအကြိမ်ထွက်ဆိုတာ၊ ၁၁ ရက်မှာ မြန်မာနိုင်ငံက ပထမအကြိမ်ထွက်ဆိုတာ၊ ၁၂ ရက်မှာ ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံတို့က ဒုတိယအကြိမ် ပြန်လည်ထွက်ဆိုတာတွေ လုပ်ရမယ်လို့ ဝန်ကြီးက ပြောပါတယ်။ ဂမ်ဘီယာနိုင်ငံက သူ့ရဲ့ ကိုယ်စားလှယ်အဖြစ် သူတို့ရဲ့ တရားရေးဝန်ကြီးနဲ့ရှေ့နေချုပ်ကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတယ်လို့ ဆိုပါတယ်။ သာမန်ဆိုရင်တော့ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းကြတဲ့အခါ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်လေ့မရှိကြဘဲ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေကို ပူးတွဲ ကိုယ်စားလှယ် အဖြစ် ခန့်အပ်ထားတယ်လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024