ရောင်းစားခံရသည့် တက္ကသိုလ်ကျောင်းသားအမှုမှ ပါဝင်သူများကို ရဲတပ်ဖွဲ့ ရှာဖွေ
ပြည့်ဘုန်းအောင်
·
November 23, 2019
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်က ကျားဖောင်လုပ်ငန်းတခုမှာ တက္ကသိုလ်ကျောင်းသားတဦး ရေလုပ်သားအဖြစ် ရောင်းစားခံခဲ့ရတဲ့အမှုမှာ ပါဝင်ပတ်သက်သူတွေကို ရဲတပ်ဖွဲ့က ရှာဖွေ ဖော်ထုတ်ဖမ်းဆီးဖို့ ကြိုးစားနေပါတယ်။
အဲဒီဖြစ်စဉ်မှာ ရေလုပ်သားအဖြစ် ရောင်းစားခဲ့တဲ့ ပွဲစားနဲ့ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့သူတွေကို လူကုန်ကူးမှု တားဆီးရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားပြီး အမြန်ဆုံး ဖမ်းမိနိုင်အောင်ဆောင်ရွက်နေ တယ်လို့ လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးက နိုဝင်ဘာ ၂၃ ရက်မှာ ဒီဗွီဘီကို ပြောပါတယ်။
“ဒါနဲ့ပတ်သက်လို့ နိုဝင်ဘာ ၂၂ ရက်မှာပဲ အမှုဖွင့်လိုက်ပါတယ်၊၊ ခေါ်သွားတဲ့ ပွဲစားတွေရယ်၊ နှိပ်စက်တဲ့ ကျားဖောင်က လူတွေကိုရောပေါ့။ အမှုမှာ ပါဝင်ပတ်သက်တဲ့သူတွေကို သက်ဆိုင်ရာ ပုဒ်မတွေနဲ့ သက်ဆိုင်ရာစခန်းမှာ အမှုဖွင့်ထားပြီးပြီ၊ လောလောဆယ် ပွဲစားတွေကိုတော့ ဖမ်းမမိသေးဘူး၊ ဖမ်းမိအောင်တော့ ရဲတပ်ဖွဲ့က အမြန်ဆုံး လိုက်ရှာနေတယ်။”
ဖြစ်စဉ်မှာ ရန်ကုန်မြို့ဒဂုံမြို့သစ်(အရှေ့ပိုင်း) မှာနေတဲ့ အသက် ၂၀ အရွယ် ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းဟာ အောက်တိုဘာ ၂ ရက်က ရန်ကုန်မြို့လယ် ပန်းဆိုးတန်းမှာရှိနေစဉ် အမျိုးသမီးနှစ်ဦးက ဖျာပုံက ရေလုပ်ငန်းမှာ အလုပ်ရမယ်လို့ ခေါ်ဆောင်ပြီး ဖျာပုံက ကျားဖောင်လုပ်ငန်းမှာ ရောင်းစားခဲ့တာပါ။
အဲဒီနောက်မှာတော့ ကိုမြတ်သူရထွန်းဟာ ကျားဖောင်ပေါ်မှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရလို့ ဒဏ်ရာအမြောက်အမြားရရှိခဲ့ပြီး မိသားစုဝင်တွေက ရောင်းစားခံခဲ့ရတဲ့ငွေကို ပြန်ပေးခဲ့တဲ့နောက် ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။