စစ်ရှောင်လူငယ်များအတွက် မြဝတီမြို့တွင် လူထုအရင်းအမြစ်ဗဟိုဌာန ဖွင့်လှစ်
DVB
·
November 21, 2019
ကရင်ပြည်နယ်၊ မြဝတီမြို့ လေးကေ့ကော်မြို့သစ်က စစ်ပြေးဒုက္ခသည်တွေအတွက် ပြန်လည်နေရာချ ထားတဲ့နေရာမှာ မျိုးဆက်သစ်လူငယ်တွေရဲ့ ပညာရေးအတွက် လူထုအရင်းအမြစ်ဗဟိုဌာန(CRC) စင်တာကို နိုဝင်ဘာ ၁၉ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။
ဖွင့်ပွဲကို ဂျပန်နိုင်ငံက စေတနာ့ဝန်ထမ်း နိပွန်ဖောင်ဒေးရှင်းဝန်ထမ်းနဲ့ KNU ကိုယ်စားလှယ်အဖွဲ့နဲ့ လေးကေ့ကော်မြို့ သစ်တည်ဆောက်ရေး အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပြီး စစ်ပြေးဒုက္ခသည်မိသားစုတွေနဲ့ ကျောင်းသားကျောင်းသူတွေလည်း တက်ရောက်ခဲ့ ပါတယ်။
လူထုအရင်းအမြစ်ဗဟိုဌာန ရုံးခန်းစင်တာအတွင်းမှာ မျိုးဆက်သစ်လူငယ်တွေအတွက် မြန်မာကာတွန်း၊ ဂျပန်ကာတွန်းတွေအပြင် ထိုင်းဘာသာနဲ့ ဖတ်ရှုနိုင်ဖို့ စာအုပ်တွေနဲ့ လူငယ်တွေ ဘဝမြင့်မားရေးအတွက် စာပေတွေလည်း ထားရှိပါတယ်။
ကရင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေ ပြန်လည်နေရာချထားရာ လေးကေ့ကော်မြို့ သစ်မှာ လူငယ်တွေ ဂိမ်းကစားတာ၊မူးယစ်ဆေးသုံးစွဲတာတွေ လျော့ချနိုင်ဖို့ အခုစင်တာကို ဖွင့်လှစ် လိုက်တာလို့လည်း စီစဉ်သူတွေက ပြောပါတယ်။
အဲဒီစင်တာဟာ ကရင်ပြန်နယ်မှာ ပထမဆုံးဖွင့်လှစ်တာဖြစ်ပြီး ဂျပန်အစိုးရ၊ ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့နဲ့နီပွန်ဖောင်ဒေးရှင်းတို့က ကူညီပံ့ပိုးပေးတာဖြစ်ပါတယ်။
သတင်း - ဖိုးစီ၊ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ