Homeမြန်မာသတင်း
တွေ့ဆုံပွဲကျင်းပရာတွင် ပြည်သူကို လွတ်လပ်စွာလာရောက်ခွင့်ပြုရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း
တွေ့ဆုံပွဲကျင်းပရာတွင် ပြည်သူကို လွတ်လပ်စွာလာရောက်ခွင့်ပြုရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း
DVB
·
November 20, 2019
လူထုတွေ့ဆုံပွဲလုပ်ရင် ပြည်သူတွေကို လွတ်လွတ်လပ်လပ်လာရောက်စေဖို့နဲ့ မြို့မိမြို့ဖတွေ က ပြည်ထောင်စုဝန်ကြီးတွေရဲ့ အရေအတွက်ထက် နည်းနေတာမျိုး မဖြစ်စေဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၁၉ ရက်က တောင်ကြီးမြို့တော်ခန်းမမှာ ကျင်းပတဲ့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်တွေက မြို့မိ၊ မြို့ဖတွေ ဒေသခံတိုင်းရင်းသား ပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ မြို့မိမြို့ဖ သုံးယောက်ပဲတက်ရောက်ခဲ့တဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်တာပါ။
“နောင်ဆိုရင် ကျမတို့ ပြည်သူတွေနဲ့ တွေ့ဆုံပွဲလုပ်ရင် ပြည်သူတွေ လွတ်လွတ်လပ်လပ် လာပါစေ။ နောက်ပြီးတော့ မြို့မိမြို့ဖတွေအနေနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ အရေအတွက်ထက် နည်းနေတယ်ဆိုတာ မဖြစ်ပါစေနဲ့။ ကျမကြာခင်ကပဲ မြို့မိမြို့ဖတွေနဲ့ ပတ်သက်လို့ တွေ့ဆုံပွဲတခုမှာ ပြောခဲ့တာ ရှိပါတယ်။ မြို့မိမြို့ဖဆိုတာ ဒေသခံပြည်သူတွေက မိဘသဖွယ် လေးစားအားကိုးတဲ့ ပုဂ္ဂိုလ်တွေကို ဆိုလိုတာပါ။ မိဘသဖွယ် လေးစားအားကိုးတဲ့ ပုဂ္ဂိုလ်တွေဆိုတာ လွယ်လွယ်ကူကူနဲ့ ဒီနေရာကို ရောက်လာတာမဟုတ်ပါဘူး။ အစိုးရကခန့်တာလည်း မဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့ ခန့်တာလည်းမဟုတ်ဘူး။ အများပြည်သူကနေပြီးတော့ ကိုယ့်မိဘ သဖွယ် အားကိုးသင့်တယ်၊ လေးစားသင့်တယ် ဆိုပြီးတော့ လက်ခံထားတဲ့ သူတွေပါ။၊ ဒီမှာ မြို့မိမြို့ဖသုံးယောက်ပဲဆိုတော့ တောင်ကြီးမှာ ပြည်သူအားကိုးတဲ့ လေးစားတဲ့ လူကြီးတွေ နည်းနေသလိုဖြစ်တာ ဘယ်ကောင်းပါ့ မလဲ။” လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။
တောင်ကြီးမြို့ဟာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အေးအေးချမ်းချမ်း နေထိုင်တဲ့မြို့ဖြစ်တဲ့ အတွက် ပြည်ထောင်စုရဲ့ အောင်မြင်မှုတရပ်ဖြစ်လို့ ရောက်လာတိုင်း ဂုဏ်ယူရတယ်လို့ ပြောပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်တဲ့သူတွေရှိတဲ့ အကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းအောင်မြင်မှုဆိုတာ ပြည်သူလူထုအများ အကောင်းအဆိုး ဆင်ခြင်ထောက်ခံကြိုဆိုမှ အောင်မြင်မှုရနိုင်မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လူထုတွေ့ဆုံပွဲမှာ ရှမ်းပြည်နယ် မြို့နယ် ၅ ခုဖြစ်တဲ့ တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်စတဲ့မြို့နယ်တွေက တမြို့နယ်ကို မေးခွန်း ၂ ခုစီ ရရှိပြီး တက်ရောက်လာသူတွေက မဲနိုက်ကာ မေးခွန် ၁၀ ခုကိုလည်း လက်ခံဖြေဆိုပေးခဲ့ပါတယ်။
လူထုတွေ့ဆုံပွဲမှာ ပြည်ထောင်စု ဝန်ကြီး ၇ ဦးနဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးတွေက လည်း မေးခွန်းတွေကို ပြန်လည်ဖြေကြား ပေးခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်း မှာ တောင်ကြီးမြို့ကိုရောက်ရှိပြီး တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံဖွင့်ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့မှာတော့ ကျောက်တလုံးမြို့ရှိ ဘုရားဌာပနာပိတ်ပွဲနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တက်ရောက်ဖို့ ရှိပါတယ်။
သတင်း - ခွန်ရာဇာ