နေပြည်တော်စည်ပင်က မြေကွက် ၂၀၀ ခန့် လျှော့ဈေးဖြင့် ရောင်းမည်
ပိုင်စိုး
·
November 18, 2019
နေပြည်တော်စည်ပင်ဟာ ရောင်းမကုန်သေးတဲ့မြေကွက်ထဲက အကွက် ၂၀၀ လောက်ကို လျှော့ဈေးနဲ့ ရောင်းမယ်လို့ ကြေညာပါတယ်။
ဒက္ခိဏသီရိမြို့နယ်ထဲမှာရှိတဲ့ ပေ ၈၀ ပတ်လည် မြေကွက် ၁၉၇ ကွက်ကို ရောင်းမယ်လို့ ကြေညာထားတာပါ။
ဒီမြေကွက်တွေကို အရင်က ကျပ်သိန်း ၃၅၀ သတ်မှတ်ထားပြီး အခုတော့ ကျပ်သိန်း ၂၅၀ တည်းနဲ့ရောင်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် ဒီဇင်ဘာ ၁ ရက်ကနေ ၃၁ ရက်နေ့အထိ တလတည်းမှာပဲ လျှော့ဈေးပေးထားတာလို့ ဆိုပါတယ်။
အသေးစိတ်အချက်အလက်တွေကို နေပြည်တော်စည်ပင်ဝက်ဘ်ဆိုက် https://www.nptdc.gov.mm/ မှာ ကြည့်ရှုနိုင်ပြီး လျှောက်လွှာတွေကိုလည်း ဝယ်ဖို့ မလိုပါဘူး။
လူတယောက်မှာ တကွက်ပဲ ဝယ်နိုင်ပြီး ဝယ်ယူခွင့်ရပြီး ၆ လအတွင်း ခြံစည်းရိုးကာတာ၊ ၁ နှစ်အတွင်း အိမ်ဆောက်တာတွေ လုပ်ရမှာပါ။ အိမ်ဆောက်ပြီးမှပဲ နှစ် ၃၀ မြေငှားစာချုပ်ပေးမယ်လို့ ဆိုပါတယ်။ ဒီမြေကွက်တွေကို ခွဲစိတ်ပြီး ပြန်ရောင်းတာ၊ ပေးတာ မလုပ်ဖို့ တားမြစ်ထားသလို အိမ်မဆောက်ဘူးဆိုရင်လည်း မြေကွက်ကို ပြန်သိမ်းမယ်လို့ ဆိုထားပါတယ်။
မြေကွက်တွေကို မဲစနစ်နဲ့ရောင်းမှာဖြစ်ပြီး ဒါဟာ ပထမအကြိမ်ရောင်းတာလို့ ဆိုပါတယ်။