ရွှေကျင်စည်ပင်ဥက္ကဋ္ဌကို လွှတ်တော်ကိုယ်စားလှယ်ဇနီးက ၆၆(ဃ) ဖြင့် အမှုဖွင့်
DVB
·
November 17, 2019
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ရဲ့ဇနီးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က အမှုဖွင့်ထားတယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။
“အမှုလာဖွင့်ထားပါတယ်၊ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” လို့ ရွှေကျင်မြို့မစခန်း ဒုရဲအုပ်ဖြိုးဝေက ပြောပါတယ်။
ရွှေကျင်မြို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့က ဆိုင်ကယ်ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ရွှေကျင် လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်တည်ကာ ဆိုင်ကယ်ဦးထုပ်တွေ ဖမ်းဆီးရာမှာ နေ့ချင်းပြီး တရားစွဲဆို ဒဏ်ရိုက်ပေးဖို့၊ ဒါမှသာ ဆိုင်ကယ်အသုံးပြုသူတွေအနေနဲ့ အခက်အခဲမရှိမှာ ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်ခဲ့တာကို ရွှေကျင်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုက သူ့ရဲ့ facebook အကောင့်ကနေ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုထားတာကြောင့် တရားစွဲရတာလို့ လွှတ်တော်ကိုယ်စားရဲ့ဇနီး ဒေါ်ခင်ယမင်းစုက ပြောပါတယ်။
ရွှေကျင်မြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကတော့ ၆၆(ဃ) နဲ့ ရဲစခန်းမှာ အမှုဖွင့်တာကို သိရှိခြင်းမရှိသလို လူမှုကွန်ရက်မှာလည်း friend မဟုတ်တာကြောင့် သူ ဘာရေးတယ်၊ မရေးဘူး ဆိုတာတွေ မသိရှိဘူးလို့ ပြောပါတယ်။
နေလင်းထိုက်