ရန်ကုန်ရှိ အဆောက်အအုံများ ငလျင်ဒဏ်ခံနိုင်မှုဆန်းစစ်ရန် ငလျင်ကော်မတီ တိုက်တွန်း
နေလင်းအောင်
·
November 14, 2019
ရန်ကုန်မြို့မှာရှိတဲ့ အဆောက်အအုံတွေကို ငလျင်ဒဏ်ခံနိုင်မှုရှိ၊မရှိ ဆန်းစစ်ဖို့လိုတယ်လို့ မြန်မာနိုင်ငံငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်က ရန်ကုန်မှာ ပြင်းအားရစ်ချ်တာစကေး ၄ ဒသမ ၁ ရှိတဲ့ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားပြီး အထပ်မြင့် လူနေ ကန်ထရိုက်တိုက်ခန်းတချို့ အက်ကွဲ တိမ်းစောင်းမှုနဲ့ ကြုံခဲ့ ရပြီးနောက်မှာ ပြောကြားလိုက်တာပါ။
“ရန်ကုန်မြို့မှာရှိတဲ့ အဆောက်အအုံတွေကို ငလျင်ဒဏ်ခံရည်ရှိ၊ မရှိဆန်းစစ်ဖို့လိုပြီး အဓိက အင်ဂျင်နီယာအပိုင်းနဲ့ အဆောက်အအုံနဲ့ဆိုင်တဲ့အပိုင်းတွေ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တယ်”လို့ ဒေါက်တာမျိုးသန့်က ပြောပါတယ်။
နောက်ထပ်ဆောက်မယ့်အဆောက်အအုံတွေကိုလည်း ခံနိုင်ရည်ရှိ၊မရှိ ထည့်သွင်းစဉ်းစား ဖို့တွန်းအားပေးဖို့လိုပြီး အိမ်ရာတိုက်ခန်းနဲ့ကွန်ဒိုတွေကို အဓိက ဦးစားပေးဆန်းစစ်ဖို့ လိုတယ်လို့ လည်း ဆက်ပြောပါတယ်။
ဒါ့အပြင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီတွေအနေနဲ့ တိုင်းဒေသကြီးအဆင့်၊မြို့နယ်အဆင့်၊ ရပ်ကွက်အဆင့် ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ လူထုကို ငလျင်နဲ့ပတ်သတ်တဲ့ အသိပညာ ပေးဟောပြောပွဲတွေ၊လေ့ကျင့်ခန်းလုပ်တာတွေ လုပ်ပေးဖို့လည်း တိုက်တွန်းပါတယ်။
ရန်ကုန်မြို့မှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုဟာ ၂၀၁၀ပြည့်ကနေ ၂၀၁၉ ခုနှစ်အတွင်း ၂၅ ကြိမ်လောက်ရှိတယ်လို့ မြန်မာနိုင်ငံငလျင်ကော်မတီက သိရပါတယ်။
အခု ၂၀၁၉ ခုနှစ်အတွင်းမှာပဲ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုဟာ ၄ ကြိမ် ၅ ကြိမ်လောက်ရှိပါတယ်။