Homeမြန်မာသတင်း
မူးယစ်တိုက်ဖျက်ရေး အားကစားအစီအစဉ် ဘောလုံးအဖွဲ့ချုပ်နှင့် အမေရိကန်သံရုံး ပူးပေါင်းကျင်းပ
မူးယစ်တိုက်ဖျက်ရေး အားကစားအစီအစဉ် ဘောလုံးအဖွဲ့ချုပ်နှင့် အမေရိကန်သံရုံး ပူးပေါင်းကျင်းပ
DVB
·
November 14, 2019
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ရည်ရွယ်ပြီး Community Champion Football Clinic (Yangon) ဆိုတဲ့ အားကစားအစီအစဉ်ကို အမေရိကန်သံရုံးနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခဲ့ပါတယ်။
အဆိုပါ အားကစားလှုပ်ရှားမှုအစီအစဉ်ကို မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး သုံးစွဲမှုကို အားကစားအခြေပြု အသိပညာဖြန့်ဝေကာ လျှော့ချနိုင်ရေးအတွက် အမေရိကန်သံရုံးနဲ့ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး 528 Love ဆိုတဲ့ လူမူရေး အဖွဲ့အစည်းတခု ကလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ရည်ရွယ်ပြီး ကျင်းပတဲ့ ဒီပွဲမှာ မြန်မာကလေးငယ် အယောက် ၁၀၀ ကို အမေရိကန်နည်းပြ ၂ ဦးနဲ့ မြန်မာနည်းပြ ၂ ဦးတို့က အခြေခံဘောလုံး လေ့ကျင့်ခန်းတွေကို သင်ကြားပေးခဲ့ပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က "ဘောလုံးအားကစားဆိုတာ အားကစားဆိုတဲ့ သတ်မှတ်ချက်တခုကို ကျော်လွန်ပြီး လူမှုဘဝထဲက ကောင်းကျိုးတွေကို ဖြစ်စေတဲ့အထိ တန်ဖိုးရှိပါတယ်။ လူငယ်တွေ ပျော်ရွှင်ကျန်းမာစေမယ်၊ တဦးချင်းထက် အများနဲ့ စုပေါင်း ဆောင်ရွက်တတ်တဲ့ အသင်းအဖွဲ့ စိတ်ဓာတ်နဲ့ အလေ့အကျင့်တွေ ရရှိလာမယ်၊ ကျန်းမာဖွံ့ဖြိုးတဲ့ လူငယ်ဘဝကို ပိုင်ဆိုင်ပြီး တိုင်းပြည်ရဲ့ အနာဂတ်မှာ အရေးပါတဲ့ လူငယ်တွေ ဖြစ်လာစေမှာပါ။ ဒီအစီအစဉ် ဖြစ်မြောက်ရေးအတွက် ပါဝင်သူအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ပေါပါတယ်။
ဘောလုံးပညာသင်ကြားမယ့် ကလေးငယ်တွေအားလုံး မူးယစ်ဆေးနဲ့ ဝေးရာနေပြီး အားကစားကို ကြိုးစားအားထုတ်ကြဖို့နဲ့ ကံအကြောင်းမလှလို့ မူးယစ်သားကောင်ဖြစ်ခဲ့ရသူတွေကို စာနာစိတ်နဲ့ အားပေး ကူညီရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။
မြန်မာ နည်းပြတွေအဖြစ် ဦးမျိုးလိူင်ဝင်းနဲ့ ဒေါ်ဇာမာဝမ်းတို့က ဦးဆောင်ခဲ့ပြီး အမေရိကန် နည်းပြတွေအဖြစ် ဂျွန်နီကောလင်းနဲ့ လီဆာဘက်ချ်တို့က ပျော်ရွှင်စရာအစီအစဉ်တွေနဲ့ အတူ လေ့ကျင့် သင်ကြားပေးခဲ့တာဖြစ်ပါတယ်။
လီဆာဘက်ချ်က “ကျမတို့နည်းပြတွေဟာ ကလေးတွေနဲ့အတူ ချစ်ခြင်းမေတ္တာတွေနဲ့ ဂရုစိုက်မူတွေ ဝေမျှသွားမှာပါ။ မြန်မာနည်းပြတွေကိုလည်း မနေ့က သင်တန်းတခုပေးခဲ့ပါတယ်။ ဒီကိုလာတာက ရှင်တို့ရဲ့ ထိပ်တန်းလူငယ်လေးတွေကို ခြေစွမ်းတိုးတက်အောင် လုပ်ဆောင်ဖို့လာတာ မဟုတ်ပေမယ့်လည်း မြန်မာနည်းပြတွေကိုတော့ ဒီလိုအစီအစဉ်တွေကို ဆက်ပြီး လုပ်ဆောင်နိုင်မယ့်စွမ်း ရည်တွေကို ပြသပေးသွားမှာပါ။ ကျမတို့ ပြန်သွားတဲ့အချိန်မှာလည်း ဒီကနည်းပြတွေ ကလေးတယောက်ချင်ေစီတိုင်းကို ချစ်ခြင်းမေတ္တာတွေ နဲ့ ဂရုစိုက်မူတွေဆက်ပြီး လုပ်ဆောင်ပေးဖို့ မျှော်လင့်ပါတယ်။ဒီလို လူပ်ရှားမူတွေလာပြီး လုပ်ဆောင်ပေးရတဲ့အတွက် ပျော်ရွှင်ရပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာရှယ်ကလည်း ဘောလုံးအသိုက်အဝန်း မိသားစုတွေကတဆင့် နိုင်ငံအတွက် အဖိုးတန်တဲ့ လူငယ်လူရွယ်တွေ၊ ခေါင်းဆောင်တွေ ထွက်ပေါ်လာစေဖို့ တိုက်တွန်းခဲ့ပါတယ်။
Community Champions ဆိုတဲ့ အားကစားလူပ်ရှားမူအစီအစဉ်တွေကို နိုဝင်ဘာ ၁၃ ရက်က ရန်ကုန်မြို့မှာပြုလုပ်ခဲ့သလို နိုဝင်ဘာ ၁၆ ရက်က မန္တလေး၊ နိုဝင်ဘာ ၁၉ ရက်နေံ တောင်ကြီး မြို့မှာလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။