ကွတ်ခိုင်တိုက်ပွဲကြောင့် မြန်မာ-တရုတ်အဓိက ကုန်သွယ်ရေးလမ်းကြောင်း ခဏပိတ်
ခွန်ဇော်ဦး
·
November 13, 2019
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အထွက် ကာလိုင်လမ်းခွဲမှာ တပ်မတော်နဲ့ တီအန်အယ်အေ တအာင်းတပ်ဖွဲ့ကြား ဒီကနေ့ မနက်ပိုင်းက တိုပ်ပွဲဖြစ်ပွားခဲ့တာကြောင့် မြန်မာ-တရုတ်အဓိက ကုန်သွယ်ရေးလမ်းကြောင်း ခဏပိတ်ခဲ့ရပါတယ်။
"မနက် ၇ နာရီကနေ ၈နာရီခွဲလောက်ထိ ကွတ်ခိုင်မြို့ပြင် လွယ်ဆမ်စစ်ပါတ်ဝန်းကျင်မှာ ပစ်ခတ်တာတွေရှိတယ်။ တပ်ဗျုဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ ထုတယ်။ ပြီးတော့ ပြည်ထောင်စုလမ်းပေါ် နမ့်ဖတ်လွန်ရွာနား ကားကြီးကို ကန့်လန့်ခံထားတယ်။ တီအန်အယ်အေက ကားတွေကို တားထားတယ်။ ကွတ်ခိုင်တိုးဂိတ်ကလည်း ကားတွေကို ပေးမသွားဘူး။ ကားသမားတွေရဲ့ လုံခြုံရေးအရပေါ့။" လို့ ကားဆရာကိုစိုင်းကပြောပါတယ်။
ဒီကနေ့ ထိတွေ့မှုအတွင်းမှာ ကာလိုက်လမ်းခွဲအနီးက TEC ကျောင်း ဘော်ဒါဆောင်ဝန်းထဲကို မော်တာကျည်ကျရောက် ပေါက်ကွဲခဲ့လို့ ဘော်ဒါဆောင်က ကျောင်းသူကျောင်းသားတွေကို ကွတ်ခိုင်မြို့ဘက်ရွေ့ပြောင်းထားရပါတယ်။ တိုက်ပွဲကြောင့် ပြည်သူလူထုတွေ ထိခိုက်ဒဏ်ရာက သေဆုံးတာ မရှိသေးပါဘူး။
ကွတ်ခိုင်မြို့နယ်အတွင်းမှာ ၂၀၁၂ ခုနှစ်ကစတင်ပြီး မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်နေလို့ ထောင်နဲ့ချီတဲ့ ပြည်သူလူထုတွေဟာ နေရပ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။